၂၈.၄.၂၀၂၄
Written By Thandar

ထိုင်းနိုင်ငံ ဘန်ကောက်အိမ်ရာစျေးကွက်မှာ အများဆုံးဝယ်ယူရင်းနှီးမြှုပ်နှံမှုမှာ မြန်မာနိုင်ငံသားတွေဝယ်ယူမှုက ဒုတိယနေရာမှာ ရှိနေတယ်လို့ Property Link အိမ်ခြံမြေကုမ္ပဏီ Founder ဖြစ်သူ ဦးကျော်စွာဟိန်းက ပြောပါတယ်။

“ထိုင်းမှာက အများဆုံးဝယ်လက်က တရုတ်။ ဒုတိယက မြန်မာ။ တတိယက ရုရှား။ နောက် အခြားသော နိုင်ငံတွေပေါ့။ ဆိုတော့ မြန်မာက ဘန်ကောက်မှာ ကွန်ဒိုဝယ်ယူမှုနှုန်းက ဒုတိယအမြင့်ဆုံးဖြစ်နေတယ်။ ဒီနှစ်ထဲမှာလည်း ဘန်ကောက်အိမ်ရာစျေးကွက်မှာ ပြည်တွင်းကနေပြီး ဒီထက်ပိုပြီး ရင်းနှီးမြှုပ်နှံကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်။ ဘန်ကောက်မှာ အိမ်ရာဝယ်လိုအားမြင့်တက်လာတာကတော့ ပြည်တွင်းမှာက ကွန်ဒိုစျေးတွေကလည်း တအားတက်နေတယ်။ ဘန်ကောက်မှာဆို စျေးက သက် သာတယ်။ ပြည်တွင်းကနေပြီးတော့ ကျောင်းတက်မယ်။ ဆေးကုမယ်။ နိုင်ငံအပြင်ထွက်မယ်ဆို ဘန်ကောက် အိမ်ရာစျေးကွက်ကို ရွေးချယ်ကြတယ်။ အဲဒီမှာက နေထိုင်စားသောက်စရိတ်လည်း သက်သာတာကြောင့်ပါ”လို့ ဦးကျော်စွာဟိန်းက ပြောပါတယ်။

ဝင်ငွေရလမ်းတိုးစေမယ့် ဘန်ကောက်ကွန်ဒိုများအကြောင်းဆွေးနွေး ဟောပြောပွဲနဲ့ အရောင်းပြပွဲကို ယနေ့ ဧပြီ ၂၈ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ Novotel Hotel မှာ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားမှာ Property Link အိမ်ခြံမြေကုမ္ပဏီနဲ့ ထိုင်းနိုင်ငံရှိ နာမည်ကြီး Real Estate Broker တွေဖြစ်တဲ့ FazWaz ကုမ္ပဏီတို့အကြား သဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကာလတွေထဲ ထိုင်းနိုင်ငံရဲ့ ကွန်ဒိုကြိုပွိုင့် ဈေးကွက်အတွင်းမှာ မြန်မာ့ဝယ်လက်တွေက ဒုတိယအကြီးဆုံးအုပ်စုဖြစ်လာတယ်လို့ ဘန်ကောက်အခြေ စိုက် Nobel Development အဖွဲ့က ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံရှိ အိမ်ခြံမြေစျေးကွက်မှာ ရင်းနှီးမြှုပ်နှံချင်သူတွေက မိခင်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာထက် ပိုမိုစိတ်ချယုံကြည်ရသလို ထိုင်းနိုင်ငံကို နေထိုင်ရာ ဒုတိယအိမ်အဖြစ် သတ်မှတ်ထားတယ်လို့လည်း အိမ်ခြံမြေစျေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ဖော်ပြမှုအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *