၂၈. ၄. ၂၀၂၄
Written by Nay Moe

ရှမ်းနီလူငယ်ခေါင်းဆောင်များနှင့် ရှမ်းနီအရပ်ဘက်အဖွဲ့အစည်းများ ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံနေရမှုများနှင့် ပတ်သက်၍ ရှမ်းနီတိုင်းရင်းသားများအပေါ် KIA နှင့် PDF တို့၏ အကြမ်းဖက်ဗုံးခွဲမှုအပေါ် SNUA ကန့်ကွက်ရှုတ်ချလိုက်ပြီး ပြန်လည်တောင်းပန်ရန် သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုထားသည်။

ရှမ်းနီတိုင်းရင်းသားများသည် ၂၀၂၁ခု နှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်ကအာဏာထိန်းသိမ်းပြီးနောက်ပိုင်းကစ၍ ဖြစ်ပွားလာသည့် စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများတွင် ပါဝင်သည့် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီး၏ ဖမ်းဆီး နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အဓမ္မကျင့်ခြင်း၊ မိခင်ဘာသာစကားနှင့် စာပေများ ပြောဆိုရေးသားမှုကို ကန့်သတ်ခြင်း၊ ရိုးရာပစ္စည်းများ ဖျက်ဆီးခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အကျူးလွန်ခံနေကြရသည်မှာ ယခု၂၀၂၄ ခုနှစ်အထိပင် ဖြစ်သည်ဟု SNUA က ဆိုသည်။

ပို၍ဆိုးရွားလာသည်မှာ ရှမ်းနီဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ရှမ်းနီအမျိုးသားစာပေနှင့်ယဉ်ကျေးမှု တည်တံ့ခိုင်မာရေးနှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ရှမ်းတိုင်းရင်းသားလူငယ်များ၏ နိုင်ငံရေးနှင့် ငြိမ်းချမ်းဆိုင်ရာ လှုပ်ရှားမှုအခန်းကဏ္ဍများတွင် ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်နေသည့် ဟုမ္မလင်းမြို့နယ်၊ နားမော်ကျေးရွာတွင် နေထိုင်သည့် ရှမ်းနီလူငယ်ခေါင်းဆောင် စိုင်းအုန်းလွင်၏ နေအိမ်ကို KIO/KIA ၏ စစ်ရေးဦးဆောင်မှုလက်အောက်ရှိ PDF တပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ လက်နက်ဖြင့် ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်တွင် ပြုလုပ်လာခြင်းဖြစ်သည်။

KIO/ KIA၏ စစ်ရေးဦးဆောင်မှုလက်အောက်ရှိ PDF တပ်ဖွဲ့၏ အကြမ်းဖက်လုပ်ရပ်သည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်က မြစ်ကြီးနားမြို့၊ ဒီဇင်ဘာဟိုတယ်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) အပါအဝင် ကချင်စာပေယဉ်ကျေးမှုအဖွဲ့နှင့် ရှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့များ၏ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးခြင်းကို အလေးအနက် မထားဘဲ ရှမ်းနီတိုင်းရင်းသားများအပေါ် အကြမ်းဖက်ဖိနှိပ်မှုများ ဆက်လက်လုပ်ဆောင်နေဦးမည့်အသွင်ဆောင်နေပြီး KIO/ KIA၏ စစ်ရေးဦးဆောင်မှုလက်အောက်ရှိ PDF တပ်ဖွဲ့၏ ဤကဲ့သို့သော အကြမ်းဖက်လုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ(IHL)နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ(IHRL)ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်နေသကဲ့သို့ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စစ်ရေးဆိုင်ရာ စည်းမျဉ်းများကိုပါ ချိုးဖောက်နေပြီး စစ်ရာဇဝတ်မှုမြောက်သော ပြစ်မှုများကို ကျူးလွန်နေကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းတွင် လူမျိုးရေးပဋိပက္ခအသွင်ဆောင်လာစေရန် PDFတပ်ဖွဲ့များကတစ်ဆင့် ဖန်တီးလာနေကြောင်း SNUA က အလေးအနက် သတိပေးသည်။

ယခုကဲ့သို့ ရှမ်းနီလူငယ်ခေါင်းဆောင် စိုင်းအုန်းလွင်၏ နေအိမ်ကို KIO/KIA ၏ စစ်ရေးဦးဆောင်မှုလက်အောက်ရှိ PDF တပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ လက်နက်ဖြင့် ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီးပြုလုပ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ တောင်းပန်ရန်နှင့် ပြုလုပ်ခဲ့သည့် တပ်ဖွဲ့ကို စည်းမျဉ်း စည်းကမ်းများနှင့်အညီ အရေးယူရန် SNUA တိုက်တွန်းတောင်းဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *