အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားသည့် ဓမ္မသတ်၊ တရနာ၊ ကော့သတ်နှင့် ကော့ဘိန်းရွာများကိုလည်း ပြည်သူများပြန်လည်ဝင်ရောက်နေထိုင်နေ

၂၈. ၄. ၂၀၂၄
Written by Zaw Moe

ကော့ကရိတ်မြို့အား တပ်မတော်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည့်အပြင် အကြမ်းဖက်များ၏ မီးရှို့မှုများကြောင့် ယာယီတိမ်းရှောင်နေရသည့် ဒေသခံအိမ်ထောင်စု ၂၈၈ စုသည်လည်း မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုရေးကောင်စီမှ ယနေ့တွင် ထုတ်ပြန်ထားသည်။

KKO (ခွဲထွက်)ကျော်သက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များအား နှောင့်ယှက်တိုက်ခိုက်ရန် ရည်ရွယ်ပြီး ဧပြီလဆန်းပိုင်းမှစ၍ သာလွန်အင်အားများဖြင့် ကော့ကရိတ်- သင်္ဃန်းညီနောင် လမ်းဟောင်းအတိုင်း ကော့ကရိတ်မြို့မြောက်ဘက်ရှိ ကောင်းမှုကျေးရွာ၊ ရန်ကုတ်ကျေးရွာနှင့် ကြောင်ရှာကုန်းကျေးရွာတို့မှတစ်ဆင့် ကော့ကရိတ်မြို့အတွင်း ဝင်ရောက်နိုင်ရေးဆောင်ရွက်ခဲ့ရာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စုစုပေါင်းထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများသည် အင်အားများထပ်မံဖြည့်တင်းကာ ကော့ကရိတ်မြို့ မြောက်ခြမ်းအား ဆက်လက်တိုက်ခိုက်ခြင်း၊ ကော့ကရိတ်မြို့အရှေ့ဘက်ရှိ ပတ်ဝန်းကျင်ကျေးရွာများမှတစ်ဆင့် မြို့အားအဝေးမှ လက်နက်ကြီးများနှင့် နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် မြို့အစွန်ရှိရပ်ကွက်များအတွင်းသို့ စိမ့်ဝင်၍ ဒေသခံပြည်သူများ၏ နေအိမ်များအား၊ မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများအား လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်အဖျက်အမှောက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် တပ်မတော်မှ အင်အားထပ်မံဖြည့်တင်းကာ ဧပြီ ၁၉ ရက်မှစ၍ ကော့ကရိတ်မြို့ဝန်းကျင်ရှိ အကြမ်းဖက်သောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) ကို လက်နက်ကြီးပစ်ကူများရယူပြီး စနစ်တကျ အဆင့်အဆင့် ခြေကုပ်ယူ၍ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် စုစုပေါင်းထိတွေ့တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ တိုက်ပွဲများဖြစ်ပြီးနောက် ဧပြီ ၂၂ ရက်တွင် တပ်မတော်မှ အဆိုပါဒေသအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် ကော့ကရိတ်မြို့၏ မြောက်ဘက်ရှိ ကောင်းမှုကျေးရွာဘက်သို့ လာရာလမ်းကြောင်းအတိုင်း ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး မိမိဘက်မှ အရာရှိစစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ကော့ကရိတ်မြို့အတွင်း ပျက်စီးခဲ့သည့် အပျက်အစီးများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာခဲ့ကြသည့် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ဧပြီ ၂၇ ရက်နေ့အထိ ကော့ကရိတ်မြို့အတွင်း အိမ်ထောင်စု ၂၈၈ စု၊ အမျိုးသား ၃၂၆ ဦး၊ အမျိုးသမီး ၂၃၅ ဦး စုစုပေါင်း ၅၉၇ ဦး ပြန်လည်ဝင်ရောက်နေထိုင်လာပြီး ဆက်လက်၍လည်း ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ အကြမ်းဖက်များဆုတ်ခွာထွက်ပြေးသွားသည့် မွန်ပြည်နယ်၊ ဓမ္မသတ်ကျေးရွာ၊ ကရင်ပြည်နယ်၊ ကော့ဘိန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် တိုက်ပွဲရှောင် ဒေသခံပြည်သူများကို ၎င်းတို့၏ ကျေးရွာများသို့ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးစည်းရုံးဆောင်ရွက်ခဲ့ရာ ဧပြီ ၂၇ ရက်နေ့အထိ မွန်ပြည်နယ် ဓမ္မသတ် ကျေးရွာ၊ တရနာကျေးရွာနှင့် ကော့သတ် ကျေးရွာများသို့ အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၁၂၄ ဦး၊ စုစုပေါင်း ၂၂၀ ဦးနှင့် ကရင်ပြည်နယ် ကော့ဘိန်းကျေးရွာသို့ အမျိုးသား ၁၆၁ ဦး၊ အမျိုးသမီး ၃၂၄ ဦး၊ စုစုပေါင်း ၄၈၅ ဦးတို့ ပြန်လည်ဝင်ရောက် နေထိုင်လာကြောင်း သိရှိရသည်။

ပုံစာ။ အကြမ်းဖက်များထွက်ပြေးမှုကြောင့် ကော့ကရိတ်မြို့နှင့် မွန်နှင့်ကရင်ပြည်နယ် ကျေးရွာများမှ ပြည်သူများ ပြည်သူဝင်ရောက်လာသည့်မြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *