၂၈. ၄. ၂၀၂၄
Written by Thettant

ဝေါမြို့နယ်တွင် တွဲကားယာဥ်ပေါ် သိုဝှက်တင်ဆောင်လာသည့် ငွေကျပ် ၃ ဒသမ ၇၈ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဧပြီ ၂၅ ရက် နံနက် ၉ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဘုရားကြီးမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ နောင်၀င်းထွန်း(ခ)နောင်နောင် မောင်းနှင်ပြီး အောင်ချမ်းသာ နှင့် ဝေဖြိုးကျော် တို့လိုက်ပါလာသည့် MAN အမျိုးအစားတွဲယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၁၀၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀၀၀၀)၊ ကက်တမင်း အလေးချိန် ၁၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇၈၀၀)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် နောင်၀င်းထွန်း(ခ)နောင်နောင် (၂၈)နှစ်၊ အောင်ချမ်းသာ(၂၃)နှစ်နှင့် ဝေဖြိုးကျော်(၂၉)နှစ်တို့အား ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *