၂၆.၄.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေဘလင်ကန်က တရုတ်နိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း ဧပြီလ ၂၄ ရက်ညက ရှန်ဟိုင်းမြို့ရှိ ဘတ်စကက်ဘောပွဲတစ်ခုတွင် အားပေးကြည့်ရှုနေတာကိုတွေ့ကြရပြီး ဧပြီလ ၂၅ ရက်မှာတော့ နယူးယော့ခ်တက္ကသိုလ်ရဲ့ ရှန်ဟဲရှိ တက္ကသိုလ်ပရိဝုဏ်နယ်မြေမှာ ကျောင်းသားတွေနဲ့တွေ့ဆုံကာ အမေရိကန်စီးပွား ရေးလုပ်ငန်းရှင်တွေနဲ့လည်း ဆွေးနွေးမှုပြုမယ်လို့ ဆိုပါတယ်။ ခရီးစဉ်မှာကတော့ နှစ်နိုင်ငံအကြား စီးပွားရေး၊ ပညာရေးနဲ့ယဉ်ကျေးမှု အဆက်အသွယ်တွေကို အမေရိကန်အနေနဲ့ ပိုလို့အလေးထားဖွယ်ရှိတယ်လို့ဆိုရမှာပါ။

ဒါပေမယ်လည်း ဘလင်ကန်ရဲ့ ခရီးစဉ်အတွင်း ဒီလို အာလာပသလာပ စကားစမြည်ပြောမှုတွေက ဂျိုးဘိုင်ဒန်အစိုးရ ပြောခဲ့တဲ့ အမေရိကန်အကျိုးစီးပွားထိခိုက်လာမှုတွေကို ဖြတ်တောက်မယ်ဆိုတဲ့အတိုင်း နယ်ပယ်အချို့မှာ စီးပွားရေးအရ ဖြတ်တောက်မှုလုပ်နေခြင်းတွေအတွက် ခြေလှမ်းတွေပဲလားဆိုတာ တရုတ်ဘက်ကလည်းသံသယရှိစရာတွေဖြစ်နေရပါတယ်။ ဒါကြောင့်လည်း တရုတ်အစိုးရ အရာရှိတွေကလည်း ဘလင်ကန်ရဲ့ ခရီးစဉ်ကို ကြီးမားတဲ့အာရုံစိုက်မှုတွေ‌ပြုနေကြပါတယ်။

ဘိုင်ဒန်အစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကို တည်ငြိမ်မှုရှိစေဖို့ကြိုးစားနေတယ်ဆိုပေမယ့် လက်တွေ့မှာ အမေရိကန်စီးပွားရေးနဲ့ နည်းပညာနယ်ပယ်ကို တရုတ်နိုင်ငံက ဝင်ရောက်လာနိုင်မှုတွေကို ဖြတ်တောက်တဲ့လုပ်ဆောင်မှုတွေကို တိုး ၍ပြုလုပ်နေတာပါ။ တရုတ်နိုင်ငံထုတ် သံမဏိနဲ့ နေစွမ်းအင်ထုတ်တဲ့ ဆိုလာပြားတွေရယ်၊ တခြားအဓိကကျတဲ့ထုတ်ကုန်တွေရယ်ကိုပါ အမေရိကန်စက်ရုံတွေသို့ ဈေးသက်သာတဲ့သွင်းကုန်တွေအဖြစ် ဝင်မလာစေဖို့ ကုန်သွယ်မှု အတားအဆီးတွေ တိုးမြှင့်ပြုလုပ်ခဲ့ပါတယ်။ ခေတ်မီပြီးနည်းပညာအဆင့်မြင့်တဲ့ ဆီမီးကွန်ဒတ်တာ ခေါ် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ တရုတ်အနေနဲ့ မထုတ်လုပ်နိုင်ဖို့ တင်းကျပ်မှုတွေပြုခြင်းဖြင့် စစ်မြေပြင်မှာပါအသုံးပြုလာနိုင်တဲ့ ခေတ်မီဉာဏ် ရည်တုနည်းပညာနဲ့ အလှမ်းဝေးစေဖို့လည်းကြိုးစားနေတာပါ။

ဒါ့အပြင် အမေရိကန်ကွန်ဂရက်က ဒီအပတ်ထဲမှာအတည်ပြုခဲ့တဲ့ ဥပဒေကြမ်းက တရုတ်နိုင်ငံရဲ့လူမှုမီဒီယာကွန်ရက်ဖြစ်တဲ့ TikTok ကို ဖြန့်ချိသူ တရုတ်ကုမ္ပဏီ ByteDance အတွက် အကျပ်ရိုက်ရတဲ့အခြေအနေရောက်ခဲ့ရပါတယ်။ ByteDance အဖို့ ဒီဥပဒေအရ ကိုးလမှ ၁၂ လအတွင်း အမေရိကန်မှာ အစုရှယ်ယာတွေကိုရောင်းချကာ ထွက်ခွာရတော့မှာပါ။ ByteDance က ဒီဥပဒေကို အတည်ပြုရင် တရားရုံးမှာအမှုဖွင့်တရားစွဲမယ်ဆိုနေပေမယ့် သမ္မတဂျိုးဘိုင်ဒန်ကလည်း ဒီဥပဒေကို ဧပြီလ ၂၅ ရက်မှာပဲ လက်မှတ်ထိုးခဲ့ပါပြီ။

ဘလင်ကန်အနေနဲ့ ဧပြီလ ၂၆ ရက်မှာတော့ ဘေဂျင်းမြို့ကိုရောက်ရှိကာ အဆင့်မြင့်အစိုးရဆွေးနွေးပွဲတွေ ပြုလုပ်မှာပါ။သူ့အနေနဲ့ ၂၀၂၃ ခုနှစ်အတွင်းက တရုတ်ကိုလာခဲ့တဲ့ခရီးစဉ်ထက်စာရင် အခုခရီးစဉ်က ပိုလို့တရင်းတနှီး သဘောလက္ခဏာဆောင်တယ်လို့ဆိုရမှာပါ။ မနှစ်က ခရီးကတော့ တရုတ်ရဲ့ သူလျှိုမိုးပျံဘောလုံးလို့ စွပ်စွဲတဲ့ဘောလုံးတစ်ခု အမေရိကန်နိုင်ငံပေါ်ကို ဖြတ်ပျံအပြီးမှာဖြစ်လို့ အမေရိကန်လူထုအတွက်တောင် ထိုစဉ်က ခရီးစဉ်အပေါ် အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့ရပါသေးတယ်။

သူက ရှန်ဟိုင်းကွန်မြူနစ်ပါတီအတွင်းရေးမှူးနဲ့လည်း ဧပြီလ ၂၅ ရက် နံနက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဘလင်ကန်က အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တိုက်ရိုက်ထိတွေ့ဆက်သွယ်မှုက အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်ပါတယ်လို့တောင် ဆိုခဲ့ပါတယ်။ အမေရိတန်နဲ့တရုတ်တို့ရဲ့ အစိုးရတွေအဖို့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ပြည်သူတွေက်ရော၊ ကမ္ဘာကြီးအတွက်ပါ တာဝန်ရှိကြတာကြောင့် နှစ်နိုင်ငံစလုံးရဲ့တာဝန်ဝတ္တရားတွေအကြား ဆက်နွယ်နေမှုကို စီမံခန့်ခွဲသွားကြရမယ်လို့ ဘလင်ကန်က ဆိုခဲ့ပါတယ်။

ဧပြီလ ၂၅ ရက် နံနက်မှာ နယူးယော့ခ်တက္ကသိုလ်ရဲ့ ရှန်ဟဲရှိ တက္ကသိုလ်ပရိဝုဏ်နယ်မြေမှာ ကျောင်းသားတွေနဲ့တွေ့ဆုံတဲ့အခါမှာလည်း ဘလင်ကန်က နှစ်နိုင်ငံအကြား ရှုပ်ထွေးကာ ထိပ်တိုက်ရင်ဆိုင်မှုရှိနိုင်တဲ့ဆက်ဆံရေးကို တည်ငြိမ်စေဖို့ ပညာရေးဆိုင်ရာ ဖလှယ်မှုတွေဆောင်ရွက်ကြမယ်လို့ ကျောင်းသားတွေကို ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှိကျင့်ဖိန်တို့ဟာ ကယ်လီဖိုးနီးယားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက တွေ့ဆုံဆွေးနွေးပြီးချိန်ကစလို့ အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံဆက်ဆံရေးက ပြီးခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရန့်လက်ထက်ကလို ကုန်သွယ်ရေးဆိုင်ရာအငြင်းပွားမှုတွေကြောင့် အတက်အကျ အခြေအနေအမျိုးမျိုးဖြစ်ပွားရမှုတွေ သိပ်မရှိဘဲ တည်ငြိမ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂျိုးဘိုင်ဒန်ရဲ့အစိုးရက တရုတ်နိုင်ငံနဲ့ဆက်ဆံရေးမှာ တင်းကျပ်တဲ့စီးပွားရေးဆိုင်ရာ ဆက်ဆံမှု မူဝါဒလမ်း ကြောင်းအတိုင်း လျှောက်လှမ်းခဲ့တာပါ။ သမ္မတ ရှီကျင့်ဖိန်ဘက်က တရုတ်အစိုးရအတွက် စီးပွားရေးအကျိုးအမြတ်ဆိုတာ အမျိုးသားလုံခြုံရေးကိစ္စတွေနဲ့ယှဉ်ရင် ဒုတိယနေရာမှာပဲ ရှိတယ်ဆိုတာ ခိုင်ခိုင်မာမာ အချက်ပြခဲ့တာတောင် အမေရိကန်အစိုးရဘက်ကတော့စီးပွားရေးအရ အသာစီးရဖို့ဆောင်ရွက်ခဲ့တယ်လို့ ဆိုရမှာပါ။

အခုအခြေအနေမှာ အမေရိကန်က တရုတ်ကို တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေနဲ့ပတ်သက်လို့ နည်းပညာ ထိန်းချုပ်မှုပြုနေတာပါ။ အထူးသဖြင့် အမေရိကန်စက်ရုံတွေကတင်ပို့တဲ့ နည်းပညာမြင့်ခေတ်မီ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေက တရုတ်ရဲ့ဟွာဝေးကုမ္ပဏီကြီးအတွက် အကူအညီဖြစ်စေမလားယူဆကာ တင်ပို့မှုတွေကို ထိန်းချုပ်ကောင်းထိန်းချုပ်လာနိုင်ပါတယ်။

ရှီကျင့်ဖိန်ကတော့ အမေရိကန်အနေနဲ့ တရုတ်နိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်တွေ ထပ်လုပ်လာဦးမယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ကတော့ ဘေးအန္တရာယ်ဖြစ်စေမှာမဟုတ်ဘူး။ ဒါပေမယ့် အမေရိကန်အဖို့တော့ သူ့ဟာသူ ဘေးအန္တရာယ်တွေ ဖန်တီးရာရောက်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ရှီက အမေရိကန်အစိုးရအနေနဲ့ တရုတ်နိုင်ငံရဲ့အဆင့်မြင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုကိုပိတ်ပင်တားဆီးမှုတွေလုပ်လာရင် တရုတ်အစိုးရအနေနဲ့လည်း လက်ပိုက်ထိုင်ကြည့်နေမှာမဟုတ်ဘူးလို့ တုံ့ပြန်ထားခဲ့ပါတယ်။

အမေရိကန်အစိုးရအရာရှိတွေကတော့ တရုတ်နိုင်ငံအပေါ်တင်းကျပ်မှုတွေပြုလုပ်ဖို့က မရှိမဖြစ်လိုအပ်တယ်လို့ ဆိုကြပြန်ပါတယ်။ ဒါပေမယ့် ဒီပိတ်ဆို့တင်းကျပ်မှုတွေကြောင့် တရုတ်ခေါင်းဆောင်တွေမှာ စိတ်အနှောင့်အယှက်တွေဖြစ်ရကာ ဆက်ဆံရေးတင်းမာလာမှုက နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာ ဆောင်ရွက်မှုကိစ္စတွေကို များစွာထိခိုက်စေခဲ့တာပါ။

တရုတ်နိုင်ငံရဲ့ ကန့်ကွက်ပြောကြားမှုတွေကြားကပဲ TikTok ကိုပိတ်ဆို့ဖို့ အမေရိကန်အစိုးရက ဆောင်ရွက်ခဲ့တယ်ဆိုရမှာဖြစ်ပေမယ့် ဒီကဏ္ဍမှာတော့ ပြောရရင် တရုတ်အစိုးရကိုယ်တိုင်လည်း အနောက်အုပ်စုရဲ့ လူမှုကွန်ရက်လုပ်ငန်းတွေက်ု ပိတ်ပင်ထားခဲ့တာပါပဲ။ တရုတ်အစိုးရက WhatsApp နဲ့ Threads တို့ကို တရုတ်နိုင်ငံရဲ့ ကွန်ပျူတာပရိုဂရမ်ကုန်တိုက်တွေကနေဖယ်ရှားဖို့ အမိန့်ထုတ်ခဲ့တယ်လို့ Apple က ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲက ပြောခဲ့ပါသေးတယ်။

မစ္စတာဘလင်ကန်နဲ့ တခြားအမေရိကန်အစိုးရအရာရှိအများအပြားကလည်း အမေရိကန်အစိုးရအနေနဲ့ ပို့ကုန်ပစ္စည်းတွေကိုထိန်းချုပ်ဖို့၊ ပိတ်ဆို့မှုတွေပြုဖို့နဲ့ နှစ်နိုင်ငံကျယ်ပြန့်တဲ့ဆက်ဆံရေးမှာ အနည်းအကျဉ်းသာ ကဏ္ဍပါဝင်တဲ့ တရုတ်နည်းပညာကုမ္ပဏီတွေအပေါ် တင်းကျပ်မှုတွေပြုဖို့အတွက် အလေးထားခဲ့ကြတာပါ။ ဒီလိုလုပ်နေပေမယ့် နှစ်နိုင်ငံကုန်သွယ်ရေးကိုတော့ အားပေးရမယ်လို့ သူတို့ကဆိုခဲ့ပြန်ပါတယ်။

အခုရက်သတ္တပတ်အစောပိုင်းမှာပဲ တရုတ်မှာစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ အမေရိကန်ကုမ္ပဏီ ၂၇၀ နဲ့ဖွဲ့စည်းထားတဲ့ အမေရိကန်-တရုတ်စီးပွားရေးကောင်စီက အမေရိကန်ရဲ့တရုတ်သို့ပို့ကုန်ပစ္စည်းတွေက ၂၀၂၂ ခုနှစ်မှာဆိုရင် အမေရိကန်နိုင်ငံအတွင်း အလုပ်အကိုင် ၉၀၀,၀၀၀ ကျော်ကို ဖန်တီးပေးခဲ့တယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ တရုတ်နိုင်ငံစီးပွားရေးတိုးတက်မှု အားလျော့သွားလို့ရယ်၊ အမေရိကန်ရဲ့ကုန်သွယ်မှုအတားအဆီးတွေရယ်၊ အခြားအကြောင်းတွေရယ်ကြောင့် ပို့ကုန်တွေ ကျဆင်းခဲ့ရတယ်။ အမေရိကန်ကွန်ဂရက်က ဥပဒေပြုလွှတ်တော်အမတ်တွေနဲ့ သြဇာအာဏာကြီးမားတဲ့ရာထူးနေရာကပုဂ္ဂိုလ်တွေကို သတိပေးချင်တာက အမေရိကန်နိုင်ငံအတွင်းက ပြည်နယ်တိုင်း၊ ခရိုင်တိုင်းမှာ တရုတ်နဲ့စီးပွားရေးနဲ့ကုန်သွယ်ရေး ဆက်ဆံမှုတွေကို ပြုပြင်ထိန်းသိမ်းနေတယ်ဆိုတာပဲ။ ဒါကြောင့်လည်း အမေရိကန်နဲ့ တရုတ်တို့ရဲ့ကုန်သွယ်ရေးမူဝါဒမှာ အပြောင်းအလဲတွေလုပ်မယ်ဆိုရင် သေသေချာချာစဉ်းစားဆောင်ရွက်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း ဘလင်ကန်နဲ့ တရုတ်ခေါင်းဆောင်တွေဆွေးနွေးမှုတွေက နှစ်နိုင်ငံကြား ဘယ်လိုစီးပွားရေးနဲ့ကုန်သွယ်ရေးပြောင်းလဲမှုတွေ ဖြစ်လာမယ်မသိရသေးပေမယ့် နှစ်နိုင်ငံစလုံးကလုပ်ငန်းရှင်ကြီးတွေအနေနဲ့ရော၊ တရုတ်အစိုးရအနေနဲ့ပါ ဒီလိုပြောင်းလဲမှုတွေကို လက်ခံလိုကြပုံမရပါဘူး။ ဒါကြောင့်လည်း တစ်ဖက်ကစီးပွားရေးဖြတ်တောက်မှုတွေဆောင်ရွက်ရင်း တစ်ဖက်ကတော့ နှစ်နိုင်ငံဆက်ဆံံရေး ကောင်းမွန်ဖို့ကြိုးစားနေတဲ့ အမေရိကန်အစိုးရအဖို့ သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ခရီးစဉ်က ဘာတွေ ထူးခြားပြောင်းလဲလာမလဲ စောင့်ကြည့်ရမှာပါ။

Ref- The New York Times

Leave a Reply

Your email address will not be published. Required fields are marked *