၂၆. ၄.၂၀၂၄
Written by Nay Moe

ပြည်နှင့် ကျိုက်ထိုမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို PDF များက ဧပြီ ၂၃ ရက် တစ်နေ့တာအတွင်း ပစ်ခတ်သတ် ဖြတ်မှု ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွှေညောင်ကျေးရွာနှင့် ဖုမ္မသိမ်ကျေးရွာအကြား၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေညောင်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းကြိုင်(၅၉)နှစ်သည် ဖုမ္မသိမ်ကျေးရွာမှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် ရွှေညောင်ကျေးရွာနှင့် ဖုမ္မသိမ်ကျေးရွာအကြား ရေမြောင်းဘောင်လမ်းအရောက် PDF အဖွဲ့(စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ည ၆ နာရီ ၄၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းအောင် (၆၂)နှစ်သည် ၎င်း၏နေအိမ်မှ ကျိုက်ထိုမြို့သို့ ကော့ထင်း-ကျိုက်ထိုကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် PDF နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *