၂. ၄. ၂၀၂၄
Written by Ye Kyaw

လက်နက်ကိုင် အကြမ်းဖက်မှုများရှိနေဆဲဖြစ်၍ မြန်မာ့ကုန်ထုတ်လုပ်မှုအပေါ် အဆိုးမြင်မှုများ မြင့်တက်နေပြီး လာမည့်တစ်နှစ်အတွင်း တိုးတက်ရေးအခြေအနေ မှေးမှိန်လျက်ရှိသည့်အပြင် မကြာမီ အသက်ဝင်တော့မည့် စစ်မှုထမ်းဥပဒေကြောင့် အလုပ်သမားရှားပါးမှုကိုပါ ရင်ဆိုင်နေရကြောင်း ဧပြီ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာ့ကုန်ထုတ်လုပ်မှုအတွက် အဓိကကျသည့် ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ပြီးခဲ့သည့် မတ်လတွင်လည်း ၄၈ ဒသမ ၃ သာရှိပြီး ကြားနေအမှတ် ၅၀ အောက်တွင် ဆက်လက်မှတ်တမ်းတင်ခဲ့ကာ အလုပ်နေရာများ နောက်ဆုံးဖြတ်တောက်မှုမှာ ပြင်းထန်ခဲ့သလို နှစ်နှစ်ခွဲနီးပါးအတွင်း အသိသာဆုံးဖြစ်လာခဲ့သည်။ ထို့ပြင် လာမည့် တစ်နှစ်တာကာလအတွင်း ခန့်မှန်းချက်မှာ မှေးမှိန်လျက်ရှိနေပြီး အဆိုးမြင်မှု အဆင့်မှာမူ စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစပြီး အဆိုးဆုံး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လက်နက်ကိုင် အကြမ်းဖက်မှုများရှိနေဆဲ သတင်းများနှင့်အတူ ဈေးဝယ်များ၏ ငွေရေးကြေးရေးအခြေအနေ ယိမ်းယိုင်လာနေချိန်တွင် ကုမ္ပဏီများသည် အော်ဒါအသစ်များ တိုးတက်ရရှိရန် ရုန်းကန်နေခဲ့ကြရကြောင်း ဖော်ပြထားသည်။

“အကျိုးဆက်အဖြစ် ယုံကြည်စိတ်ချမှုလည်း ထိုးနှက်ခံခဲ့ရတယ်။ လွန်ခဲ့တဲ့နှစ်များတစ်လျှောက် နိုင်ငံရေးနဲ့ စီးပွားရေး စိန်ခေါ်မှုများကို ဆက်တိုက်ရင်ဆိုင်ခဲ့ရတာတောင် မြန်မာထုတ်လုပ်သူတို့ဟာ နှစ်အများစုမှာ အကောင်းမြင်သူများ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံး နှစ်လအတွင်းမှာ အကောင်းမြင်မှုက အကျဘက်ဦးတည်ပြီး အဆိုးမြင်မှု ပိုနက်ရှိုင်းလာခဲ့တယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားသည်။

ယခုကဲ့သို့ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ကျဆင်းမှုဆက်တိုက်အားပျော့လာချိန်တွင် လက်ရှိအခြေအနေကို ပိုဆိုးဝါးလာစေသော မတည်ငြိမ်မှုများကို အရှိန်မြှင့်ပေးနေသည့် နိုင်ငံတစ်ဝန်းရှိ တိုက်ပွဲများကြောင့် စက်မှုကဏ္ဍနစ်နာမှုရှိခဲ့သည့်အပြင် မကြာမီအသက်ဝင်လာမည့် စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုများကိုပါ ရင်ဆိုင်နေကြရကြောင်း ကုမ္ပဏီများက အစီရင်ခံခဲ့ကြကြောင်း ဖော်ပြထားသည်။

“အဲဒီအပြင် ဧပြီလမှာ အာဏာသက်ဝင်လာဖို့ ရှိနေတဲ့ စစ်မှုထမ်းဥပဒေဟာ အလုပ်သမား ဈေးကွက်အပေါ်မှာ ဆက်လက် ဖိစီးလာနေပါတယ်။ အလုပ်မှ နှုတ်ထွက်မှုများကို အစီရင်ခံမှုမှာ စစ်တမ်းအတွင်း ပုံမှန်ဖြစ်လာနေပြီး၊ အလုပ်သမားများဟာ ဇာတိနေရပ်များသို့ ပြန်နေကြသလို နိုင်ငံခြားမှာ အခွင့်အလမ်းရှာလိုသူတချို့လည်း ရှာနေကြပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ ရှစ်လဆက်တိုက် တိုးတက်မှုရှိခဲ့ပြီး အဆိုပါကာလ၏ အချို့သောလများ၌ အာဆီယံဒေသတွင်း ကုန်ထုတ်လုပ်မှုအမြင့်ဆုံး အခြေအနေများသို့ ရောက်ရှိခဲ့သည့် ကာလများကို ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။ သို့သော် ရှမ်းမြောက်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ပြီး ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း စံသတ်မှတ်ချက် အမှတ် ၅၀ အောက်သို့ စတင်ကျဆင်းခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *