MT News

Written by Nay Moe

တပ်မတော်ထောက်ပို့ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စက်ပြင်နေစဥ် ဝင်တိုက်ရာ တပ်သား ၈ ဦးကျဆုံးပြီး သေနတ်သုံးလက်နှင့် ကျည်များ သိမ်းဆည်းရမိသည်ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၂၅ ရက်တွင် စစ်ကိုင်းမြို့မှ မုံရွာမြို့သို မုံရွာ – မန္တလေးကားလမ်းမကြီးအတိုင်း ထွက်ခွာလာသည့် တပ်ထောက်ပို့ယာဉ်တန်းကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) မှ ရဲဘော်များက ချောင်းဦးမြို့နှင့် ခင်မွန်ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ ကား (၁) စီး ပျက်စီးရပ်တန့်သွားခဲ့ပြီး ကျန်တစ်စီးက ရပ်တန့်ကူညီခဲ့သည်။

ထို့သို ကား (၂) စီး ရပ်တန့်ပြုပြင်နေကြောင်းကို CHUPDF တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) ရဲဘော်များ၏ သတင်းပေးပိုချက်အရ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) – ချောင်းဦးမြို့နယ် တာဝန်ခံထံ ဆက်လက်သတင်းပို့ကာ ချောင်းဦးမြို့နယ် ပကဖ အင်အားစုဖွဲ့ရေးနှင့် လေ့ကျင့်ရေးတာဝန်ခံဦးစီး အင်အား ၄ ဦး နှင့် CHUPDF တပ်ခွဲ (၁)၊ တပ်ခွဲ (၄) ပူးပေါင်းအဖွဲ့က အဆိုပါကား (၂) စီးကို ဝင်ရောက်ရှင်းလင်းခဲ့ရာ ကားပေါ်တွင်ပါရှိသော တပ်မတော်သား ငါးဦးနှင့် ခင်မွန်အခြေစိုက် နမခ ဘက်စုံခြံမှလာရောက်ကူညီသည့် တပ်မတော်သား ၁ ဦး ပေါင်း (၆) ဦး ကျဆုံးကာ ခင်မွန်အခြေစိုက် နမခ ဘက်စုံခြံမှလာရောက်ကူညီသည့် တပ်သား ၂ ဦး ဒဏ်ရာဖြင့် အရှင်ဖမ်းဆီးရမိခဲ့သည်။ ဒဏ်ရာဖြင့် အရှင်ဖမ်းဆီးရမိသူ ၂ ဦးအနက် ၁ ဦးမှာ ဖမ်းဆီးခေါ်ဆောင်လာရာလမ်းတွင် ကျဆုံးပြီး ကျန် ၁ ဦးမှာ စခန်းတွင်ဆေးဝါးကုသပေး‌စဉ် ကျဆုံးသည်ဟု ထုတ်ပြန်ဖော်ပြသည်။

အဆိုပါ တိုက်ပွဲတွင် BA-72(G1) တစ်လက်၊ MA-3 တစ်လက်၊ BA-94(Uzhi) တစ်လက်၊ 7.62 (ကပစ) ကျည် ၂၀ ၊ 5.56 (ကပစ) ကျည် ၂၆တောင့်၊ 9mm(ကပစ) ကျည် ၁၅တောင့်၊ ဓားမြှောင် တစ်လက်၊ Mytel Keypad တစ်လုံး၊ ဆက်သွယ်ရေးစကားပြောစက် တစ်လုံး သိမ်းဆည်းရရှိခဲ့ပြီး CHUPDF တပ်ခွဲ (၁) မှ ရဲဘော် ၁ ဦး၊ တပ်ခွဲ (၄) မှ ရဲဘော် ၁ ဦး ပေါင်း ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *