MT News

Written by Nay Moe

စက်တင်ဘာ ၂၄ ရက် နေ့လည် ၃ နာရီခန့်အချိန်တွင် အငြိမ်းစားသံအမတ်ကြီး ဦးအုန်းသွင် (ဗိုလ်မှူးချုပ်-ငြိမ်း) နှင့် သားမက်ဖြစ်သူအား လုပ်ကြံခဲ့သည့် Inya Urban Force အဖွဲ့မှ လုပ်ကြံသူနှစ်ဦးကို ဖမ်းဆီးရမိထားသည်ဟု ကနဦးသတင်းများအရ သိရသည်။

အဆိုပါ ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်အချိန်၊ လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ အမှတ် ၄/၂၈(က)၊ သဘာဝရိပ်ငြိမ်လမ်းတွင် ဦးအုန်းသွင် (ဗိုလ်မှူးချုပ်- သီရိလင်္ကာသံအမတ်ကြီးငြိမ်း) နှင့် ဦးအုန်းသွင်၏ သမက်ဖြစ်သူ ဦးရဲတေဇ (ဗိုလ်ကြီး (ငြိမ်း) Mytel ကုမ္ပဏီ ပြည်သူ့ဆက်ဆံရေးဌာန) နှစ်ဦးမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် ကွယ်လွန်ခဲ့ကြောင်း သတင်းအရ CCTV ကို စစ်ဆေးရာ ဦးအုန်းသွင်နှင့် ၎င်း၏သမက်ဖြစ်သူ ဦးရဲတေဇတို့ အပြင်မှ Alphard (အဖြူရောင်) ယာဉ်ဖြင့် သဘာဝရိပ်ငြိမ်လမ်းရှိ နေအိမ်သို့ပြန်လာပြီး ဦးအုန်းသွင်က နေအိမ် ဝင်/ထွက် တံခါးအား ကားပေါ်မှဆင်း၍ ဖွင့်နေစဉ် အနောက်မှလိုက်ပါလာသည့် ယာဉ်အမှတ် (စိစစ်ဆဲ) Honda Fit (အပြာရောင်) ယာဉ်ပေါ်မှ (စိစစ်ဆဲ) လူ(၂)ဦး ဆင်းလာ၍ သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ကို CCTV မှတ်တမ်းအရ သိရှိရသည်။

ထို့ပြင် အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 9MM S-B တံဆိပ်ပါ ကျည်ခွံ ၅ ခု၊ ကျည် ၂ တောင့်နှင့် ကျည်ထိပ်ဖူး ၁ ခု တို့အား တွေ့ရှိခဲ့ရသည်ဟု သိရသည်။

”ကားကတော့ Without ပါ။ လုပ်ကြံတဲ့သူတွေက ကိုရဲတေဇရဲ့ iPhone ကိုပါ လုသွားကြလို့ iPhone ကနေ ခြေရာခံပြီး လိုက်ဖမ်းတာလို့ ကြားသိရပါတယ်” ဟု အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။

လက်ရှိတွင် စစ်ဆေးနေဆဲဖြစ်သည်ဟုသာ သိရပြီး အဆိုပါလုပ်ကြံမှုကိုမူ Inya Urban Force အဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကြေညာထားသည့်အတွက် အဆိုပါ အဖွဲ့အား အမှန်တကယ် ဖမ်းဆီးခံထားရမှု ရှိ /မရှိ ယင်းတို့၏ Page မှတစ်ဆင့် ဆက်သွယ်မေးမြန်းသော်လည်း အဆိုပါ Page မှာ Active ဖြစ်မှုမရှိသည့်အပြင် ပြန်လည်ဖြေဆိုမှုလည်း မရှိချေ။

MT News သတင်းဌာနအနေဖြင့် အဆိုပါ သတင်းဖြစ်စဥ်များကို မှန်ကန်မှုရှိ /မရှိ ဆက်လက်စုံစမ်းနေပြီး အသေးစိတ်သိရှိရပါက ထပ်မံဖော်ပြပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *