ရှမ်းပြည်နယ်အတွင်းရှိ ပြောင်းစိုက်ခင်းတစ်ခုကို တွေ့ရစဉ် (Photo- myawady.net.mm)

၂၁. ၃. ၂၀၂၄
Written by Ye Kyaw

လယ်ယာမြေများကို မီးရှို့သောအလေ့အထရှိသည့် အိမ်နီးချင်းနိုင်ငံများမှ ပြောင်းတင်သွင်းမှုကို ပိတ်ပင်သွားရန် ထိုင်းအစိုးရက ခွင့်ပြုလိုက်သည့်အတွက် လယ်ယာမြေမီးရှို့လေ့ရှိသည့် ရှမ်းပြည်နယ်မှ ထွက်ရှိသောပြောင်းများ ထိုင်းနိုင်ငံသို့ တင်ပို့ရန် အခက်အခဲရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးလေ့ရှိသည့်အပြင် တောင်ပေါ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်သည် တောင်ယာများကို မီးရှို့သည့်အလေ့အထရှိပြီး အထူးသဖြင့် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ရှမ်းပြည်အ‌ရှေ့ပိုင်း တာချီလိတ်နယ်စပ်ဘက်တွင် တောင်ယာများကို အဓိက မီးရှို့လေ့ရှိခြင်းကြောင့် ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ပြောင်းများ ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် အနည်းအငယ် အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ပြောသည်။

“သူရဲ့မူသဘောက သူတို့လုပ်တယ်ဆိုတာကလည်း သူတို့ဘက်မှာတော့ နည်းနည်း သူတို့လည်း ကြီးတဲ့ပြဿနာလို့ မြင်လာတာပေါ့။ တကယ့်တကယ်က ထိုင်းက ပြောလေ့မရှိပါဘူး။ အရင်တုန်းက အင်ဒိုနီးရှားတို့လို ဘာတို့က ပြောတာ‌လေးတွေတော့ ရှိတယ်။ အာဆီယံထဲမှာပေါ့။ အခုက သူတို့က ပြောလာတော့ သူတို့ပြောလို့ရှိရင်တော့ ပြောင်းနဲ့လည်း ပတ်သက်တယ်၊ မီးခိုးနဲ့လည်း ပတ်သက်တယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ဘက်မှာ ဆက်စပ်နေတယ်ပေါ့။ ရှမ်းမှာအဓိက Issue ဖြစ်လာနိုင်တယ်။ ရှမ်းကထွက်တဲ့ ပြောင်းတွေတော့ တင်ပို့ဖို့ နည်းနည်းခက်သွားမယ်။ ဒါပေမဲ့လည်း သူတို့ ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ်လည်း မူတည်တာပေါ့။ ခုနက ပြောသလိုပေါ့။ သူတို့ဆီလာရောင်းတဲ့ ပြောင်း ဘယ်ကလာသလဲဆိုတာကို ဘယ်လိုသက်သေပြပြီးတော့ ဘယ်လိုလုပ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်” ဟု ဦးစိုးဝင်းမောင်က ပြောသည်။

လယ်ယာမြေများကို မီးရှို့သည့် အိမ်နီးချင်းနိုင်ငံများမှ ပြောင်းတင်သွင်းခွင့်ကို ပိတ်ပင်သွားရန် ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းသည် နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည့် မီးခိုးမြူပြဿနာကို လျော့ပါးစေရန်ဖြစ်ကြောင်း Bangkok Post တွင် ဖော်ပြထားသည်။

မီးရှို့မှုဖြစ်ပွားသည့် နိုင်ငံများမှ တင်ပို့လာသည့် ပြောင်းများကို ပိတ်ပင်သည့် အမိန့်ကြော်ငြာစာ တစ်စောင်ထုတ်ပြန်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား လမ်းညွှန်မှာကြားပြီးဖြစ်ကြောင်း၊ ဂြိုဟ်တုပုံရိပ်များမှတစ်ဆင့် ပြောင်းစိုက်ပျိုးရာ နေရာများကို နှိုင်းယှဉ်၍ ဆုံးဖြတ်ချက် ချမှတ်သွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ နှစ်စဉ်ပြောင်းဝယ်လိုအားသည် တန်ချိန် ၈ ဒသမ ၉ သန်းဖြစ်ပြီး ၎င်းနိုင်ငံအတွင်း တန်ချိန် ၄ ဒသမ ၉ သန်းသာ ထွက်ရှိသည့်အတွက် နှစ်စဉ် ပြောင်းတန်ချိန် ၄ သန်း လိုအပ်ချက်ရှိနေခြင်းဖြစ်သည်။ ပြောင်းလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံမှ တန်ချိန် ၆၀၀,၀၀၀ မှ ၇၀၀,၀၀၀ ၊ လာအိုနိုင်ငံမှ တန်ချိန် ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ နှင့် ကမ္ဘောဒီယားနိုင်ငံမှ တန်ချိန် ၁၀၀,၀၀၀ စုစုပေါင်း တန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းလျက်ရှိပြီး တန်ချိန် ၂ သန်းကျော်ကို အခြားနိုင်ငံများမှ ဝယ်ယူတင်သွင်းကာ ဘရာဇီးနိုင်ငံမှ အများဆုံးတင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *