၂၀.၃.၂၀၂၄
Written by Tha Doe

မြန်မာနိုင်ငံမှာ အရင် NLD အစိုးရဟောင်းလက်ထက်က အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ရှိ အိမ်ပိုင်ဆိုင်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ အမှုဖြစ်ပွားနေရာက မြန်မာ နိုင်ငံတရားရုံးချုပ်က အိမ်ကိုလေလံတင်ရောင်းချဖို့ ဇန်နဝါရီလ ၂၅ ရက်မှ ာဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ လေလံပွဲကို ဒီနေ့ မတ်လ ၂၀ ရက်မှာ ကျင်းပသွားခဲ့ပြီး ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့် (ကျပ် ၃၁၅ ဘီလျံ) နဲ့ ရောင်းချခဲ့ပေမဲ့ လေလံအောင်မြင်မှုတော့ မရှိပါဘူး။

ဒီအိမ်နဲ့ပတ်သက်လို့ အမွေလုကြရာကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူစိမ်းတွေလို ဆက်ဆံမှုမရှိကြတော့တဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့အကြား ပိုင်ဆိုင်မှုအငြင်းပွားလာတာကြာပါပြီ။ ဒါပေမဲ့လည်း ဒီနှစ် ဇန်နဝါရီလ ၂၅ ရက်မှာတော့ တရားရုံးချုပ်က မောင်နှမနှစ်ယောက်အနေနဲ့ ဘယ်ဈေးနဲ့ပဲရောင်းရသည်ဖြစ်စေ၊ ရောင်းရငွေကို ခွဲဝေယူကြဖို့ဆုံးဖြတ်ခဲ့တာပါ။

နေအိမ်ခြံရောင်းချပြီး အမွေခွဲဖို့အတွက်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့အတွက် သူ့ရဲ့ရှေ့နေတွေနဲ့ တိုင်ပင်အကြံဉာဏ်ရယူဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းအနေနဲ့ မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းမှုပြုခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာပဲ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီနောက် တရားရုံးမှာ စွဲချက်တင်စစ်ဆေးမှုတွေအရ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြစ်ဒဏ်တွေကို ၂၇ နှစ်သို့ လျှော့ချပေးခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်က ပြစ်ဒဏ်တွေအပေါ် အယူခံမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာတော့ ပြစ်မှုစီရင်ချက်ခြောက်ခုအတွက် အယူခံတွေကို တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။ အခြားသော ပြစ်မှုတွေနဲ့ပတ်သက်လို့တော့ သေသေချာချာမသိကြရသေးပါဘူး။ သူမအနေနဲ့ ပြစ်ဒဏ်ကျခံနေရစဉ် တွေ့ရှိခွင့်ပေးတဲ့တစ်ဦးထဲသော နိုင်ငံခြားသားလို့ ယူဆရသူက တော့ ၂၀၂၃ ခုနှင် ဇူလိုင်လက တွေ့ရှိခွင့်ရခဲ့တဲ့ ထိုစဉ်က ထိုင်းနိုင်ငံခြာရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနေ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

နယက အစိုးရလက်ထက်မှာတုံးက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရန်ကုန်မြို့၊ အင်းယားကန်စောင်းမှာရှိတဲ့ အဆိုပါအိမ်မှာ အကျယ်ချုပ် ၁၅ နှစ် ကျခံခဲ့ရတာပါ။ မောင်နှမနှစ်ယောက်ကြား အဆိုပါအိမ်နဲ့ခြံနဲ့ပတ်သက်လို့ ဆယ်စုနှစ်တော်တော်ကြာ အငြင်းပွားအမွေလုခဲ့ကြတာပါ။ ၂၀၀၀ ပြည့်နှစ်အတွင်း သူမအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရစဉ် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ထိုအိမ်မှာသူပိုင်ဖြစ်တယ်လို့ အမှုဖွင့်တရားစွဲခဲ့ပါတယ်။

ဦးအောင်ဆန်းဦးရဲ့ ပထမအမှုကို တရားရုံးတွေက ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် သူက အိမ်ခြံမြေကို ပူးတွဲပိုင်ဆိုင်ခြင်းသာဖြစ်တယ်လို့ ထပ်မံအမှုဖွင့်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်တရားရုံးတစ်ရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ခြံဝင်းအတွင်း နှစ်ထပ်တိုက်နဲ့ မြေဧရိယာတစ်ဝက်၊ ဦးအောင်ဆန်းဦးကို ကျန်အဆောက်အအုံတစ်လုံးနဲ့ ကျန်ရှိမြေဧရိယာတစ်ဝက်တို့ ပိုင်ဆိုင်ကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာတော့ ဦးအောင်ဆန်းဦးက ခြံအမှတ် (၅၄) ကို လေလံတင်ရောင်းချပြီး ရောင်းရငွေတွေကို မျှဝေယူကြဖို့ တရားရုံးချုပ်ကို အထူးအယူခံ အသနားခံလွှာတင်ခဲ့ပါတယ်။ အဆိုပါအသနားခံလွှာ အရ ဇန်နဝါရီ ၂၅ ရက်မှာတော့ တရားရုံးချုပ်က အင်ယားကန်စောင်းရှိ အဆိုပါခြံနှင့်အိမ်ကို လေလံတင်ရောင်းချပြီး နှစ်ဖက်ခွဲဝေယူကြဖို့နောက်ဆုံးဆုံးဖြတ်လိုက်တာပါ။ ဒါပေမဲ့လည်း ခြံရဲ့လေလံတင်ကြမ်းခင်းစျေးဟာ ပေါက်စျေးထက် သုံးဆလောက်များနေတာ၊ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေနဲ့ ခြံကိုဝယ်ယူသူကို သတ်ဖြတ်မယ်လို့ NUG နဲ့ PDF တွေက လှုံ့ဆော်ကြုံးဝါးနေတာကြောင့်လည်း လေလံက မအောင်မြင်ခဲ့ရတာပါ။

အမွေဆိုင် ခြံအမှတ် (၅၄) ကို လေလံတင်ရောင်းချဖို့ သုံးကြိမ်သုံးခါမေးပေမဲ့ လေလံဆွဲသူမရှိလို့ မအောင်မြင်ခဲ့သလို ပထမအကြိမ် လေလံတင်ရောင်းချတာ မအောင်မြင်လို့ လာမဲ့တစ်လအတွင်း လေလံတင်ရောင်းချမှု ဆက်လုပ်မယ်လို့လည်း ကနဦးသိရပါတယ်။

လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ခြံကိုရောင်းပြီး မောင်နှမနှစ်ယောက်အညီအမျှခွဲယူဖို့ဆုံးဖြတ်ချက်ကို ပြင်ဆင်မှုတက်ဖို့ကြိုးပမ်းနေသလို ဒီအိမ်ရောင်းချပြီးရင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကုန်ကာအစီး ၂၀ တိုက်စာပစ္စည်းတွေကို ဘယ်နေရာ ထားရမယ်မသိဖြစ်နေတယ်လို့လည်း ပြည်တွင်းသတင်းတွေမှာဖော်ပြနေကြပြီး ဒီအမွေဆိုင်အိမ် လေလံတင်ရောင်းချမှု ဘာဆက်ဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ကြရဦးမှာပါပဲ…..။

Ref – Bangkok Post & Business Times & BBC

Leave a Reply

Your email address will not be published. Required fields are marked *