၂၀.၃.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ တာပုတ်ရွာအနီး နန့်ပေါ့တံတားအထက်၊ ဒုဌဝတီမြစ်တွင် ရေဆင်းကူးသော လူငယ်နှစ်ဦး ရေနစ်သေဆုံးမှု မတ်လ ၁၉ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

အသက် ၁၄ နှစ်အရွယ် လူငယ်နှစ်ဦးမှာ ဒုဌဝတီမြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံလူမှုကူညီရေးအသင်းများမှ အဖွဲ့ဝင်များနှင့်​ဒေသခံများက မြစ်ထဲ ရေငုပ်ရှာဖွေကြရာ ရှာဖွေချိန် ၁ နာရီခန့်အကြာတွင် သေဆုံးသူ၂ ဦး၏ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

“သေဆုံးတဲ့နှစ်ယောက်က သူငယ်ချင်းတွေပါ။ တစ်ယောက်က မြန်မာရပ်မှာနေတာ။ တစ်ယောက်က ဘူတာရပ်မှာနေတာ”ဟု ရေနစ်သူနှစ်ဦးကို သွားရောက်ကယ်ဆယ်ခဲ့သည့် သီပေါလူငယ်လူမှုကူညီရေးအသင်းမှအဖွဲ့ဝင်တစ်ဦးက ပြော သည်။

ရေနစ်သေဆုံးသူနှစ်ဦးကို သီပေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် နေအိမ်သို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သီပေါလူငယ်လူမှုကူညီရေးအသင်းထံမှသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *