၂. ၃. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံ၊ ပီရတ်ပြည်နယ်၊ ဘီဒေါမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထိန်းသိမ်းရေးစခန်းက အမျိုးသားတွေ နေထိုင်ရာအဆောင်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ညက အဓိကရုဏ်းဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၁၃၁ ယောက်ရှိရာမှာ အမျိုးသားတစ်ဦးက မြောက်-တောင်အဝေးပြေးလမ်းမကြီးကို ဖြတ်ကူးဖို့ ကြိုးပမ်းချိန် ကားတိုက်ခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။

အဆိုပါ ထွက်ပြေးခဲ့သူတွေထဲက အမျိုးသား ၁၁၅ ဦးဟာ ဘင်္ဂါလီ ဒုက္ခသည်တွေဖြစ်ပြီး ကျန် ၁၆ ဦးက မြန်မာနိုငိငံက တိုင်းရင်းသားတွေဖြစ်ကာ လက်ရှိမှာ လွတ် မြောက်နေသူ ၃၀ ဦး ကျန်ရှိနေသေးပြီး လူဝင်မှုကြီးကြပ် ရေးဌာနရဲ့ညွှန်ကြားရေးမှူးချုပ် Ruslin Jusoh က သူတို့ကို ရှာဖွေဖို့ ရဲတွေ၊ စစ်သားတွေနဲ့ အရန်စေတနာ့ဝန်ထမ်း ၃၇၅ ဦးကို တပ်ဖြန့်ချထားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်အထိ တက်ကြွလှုပ်ရှားတဲ့ နိုင်ငံခြားအလုပ်သမားတွေရဲ့ အချက်အလက်တွေအရ မလေးရှားမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၆၃,၃၂၄ ဦးရှိပြီး လူဝင်မှုကြီးကြပ်ရေးဌာနက ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂၃ ရက်အထိ စုစုပေါင်း စစ်ဆင်ရေး ၂၅,၂၈ ခုပြုလုပ်ခဲ့ရာ နိုင်ငံခြားသား အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၄,၃၆၁ ဦးကို ဖမ်းဆီးခဲ့ရာ အဲ့ဒီထဲမှာ မြန်မာနိုင်ငံသား အများအပြားလည်း ပါဝင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဘင်္ဂါလီဒုက္ခသည်တွေအတွက် ရေပန်းစားတဲ့နေရာတစ်ခုဖြစ်ပြီး လူအများအပြားဟာ အန္တရာယ်ရှိတဲ့ လှေစီးခရီးနဲ့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆိုးရွားလှတဲ့ အခြေအနေတွေကနေ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အဲ့ဒီလို စွန့်စားထွက်ပြေး သွားလာတာတွေကြောင့် မနှစ်က ပင်လယ်ပြင်မှာ လူပေါင်း ၅၆၉ ဦး သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးသွားရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြီးခဲ့တဲ့လက သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ နှစ်ကုန်အထိ မလေးရှားနိုင်ငံရှိ UNHCR မှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်ရှာဖွေသူ ၁၈၅,၃၀၀ ရဲ့ ၈၈ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ ဒါ့အပြင် အေဂျင်စီမှာ မှတ်ပုံတင်ထားတဲ့ လူပေါင်း ၁၀၇,၆၇၀ လောက်ဟာလည်း ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်းက စစ်အစိုးရက ပြည်နှင်ဒဏ်ပေးခဲ့တဲ့ ဘင်္ဂါလီဒုက္ခသည်တွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်ကျော်က မြန်မာနိုင်ငံမှာ အာဏာအငြင်း ပွားမှုတွေ ဖြစ်ခဲ့ပြီးကတည်းကလည်း တခြားသော မြန်မာနိုင်ငံသားတွေဟာ နိုင်ငံရဲ့ပြည်တွင်းစစ် ပိုမိုဆိုးရွားလာတာကြောင့် မလေးရှားမှာ ခိုလှုံဖို့ ကြိုးပမ်းခဲ့ကြတာပါ။

ဒါပေမဲ့ မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားခြင်းအတွက် စနစ်မရှိတဲ့အပြင် ဒုက္ခသည်တွေကို အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ်သာ သတ်မှတ်တာပါ။ အဲ့ဒီရွှေ့ပြောင်းနေထိုင်သူအများစုဟာ မလေးရှားနိုင်ငံသားတွေ မလုပ်ချင်တဲ့ လုပ်ခလစာနည်းတဲ့ အလုပ်တွေမှာ ခေါင်းပုံဖြတ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းတွေလိုမျိုး မရေမရာတဲ့ အခြေအနေတွေမှာ နေထိုင်နေကြရပါတယ်။

Ref; Malaysia Sun, Malay Mail

Leave a Reply

Your email address will not be published. Required fields are marked *