၂၈. ၂. ၂၀၂၄
Written by Pan Ei

မြန်မာနိုင်ငံက နာမည်အကြီးဆုံး MLBB အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ Burmese Ghouls အသင်းဟာ ရုရှားနိုင်ငံ ကာဇန်မြို့မှာ ကျင်းပနေတဲ့ Game of the Future 2024 ပြိုင်ပွဲကြီးရဲ့ ဒီနေ့ညနေမှာ ကျင်းပခဲ့တဲ့ ရှုံးထွက်ပွဲစဉ်မှာ ဆော်ဒီအာရေဗျ ကိုယ်စားပြုအသင်း Twisted Minds ကို အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

Burmese Ghouls အသင်းအနေနဲ့ အုပ်စုအဆင့် ပထမနေ့မှာ ကစားခဲ့တဲ့ ရုရှားအသင်း Deus Vult နဲ့ အဖွင့်ပွဲစဉ်မှာသာ ၂ – ၀ ဆိုတဲ့ရလဒ်နဲ့ တစ်ပွဲတည်းသော ရှုံးပွဲကို ကြုံတွေ့ခဲ့ရတာဖြစ်ပြီး မနေ့က Team Lilgun နဲ့ပွဲစဉ်မှာတော့ လက်ရည်အသာကို ပြသခဲ့ကာ ၂ – ၀ ရလဒ်နဲ့ အနိုင်ရခဲ့သလို ဒီနေ့ပွဲစဉ်ဖြစ်တဲ့ Twisted Minds နဲ့ ပွဲမှာလည်း ၂ – ၀ ရလဒ်နဲ့ အနိုင်ပွဲစဉ်ကို အရယူနိုင်ခဲ့တာပါ။

Game of the Future 2024 ပြိုင်ပွဲကြီးအတွက် Burmese Ghouls အသင်းဟာ ဖိလစ်ပိုင်က အသစ်ခေါ်ယူထားတဲ့ Dlar နဲ့ Saxa တို့လို ကစားသမားတွေကိုလည်း အားဖြည့်ဆော့ကစားစေထားသလို ကစားသမားအသစ်တွေက ကစားသမားဟောင်းတွေဖြစ်တဲ့ Blink၊ Stitch၊ Niko တို့နဲ့အတူ တွဲဖက်ညီစွာ ဆော့ကစားခဲ့ကြပြီး ဒီနေ့ပွဲစဉ် နှစ်ပွဲစလုံးရဲ့ MVP ကို အကောင်းဆုံး Support ပေးမှုတွေနဲ့အတူ Stitch က ထိုက်ထိုက်တန်တန်နဲ့ ရရှိခဲ့ပါတယ်။

Burmese Ghouls အသင်းဟာ ပြိုင်ပွဲကြီးရဲ့ ကွာတားဖိုင်နယ်မှာတော့ ပြိုင်ဖက်ဟောင်းကြီးဖြစ်တဲ့ အင်ဒိုနီးရှားအသင်း RRQ Hoshi နဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပြီး MLBB ပရိသတ်တွေအတွက် စိတ်ဝင်စားစရာနဲ့ မြိုင်ဆိုင်မဲ့ ပွဲတစ်ပွဲဖြစ်မှာ အသေအချာပါပဲ။

အဲ့ဒါကြောင့် MLBB ပြိုင်ပွဲတွေ တစ်လျှောက် ဆုကြေးအများဆုံး ပြိုင်ပွဲဖြစ်လာတဲ့ Game of Future 2024 ပြိင်ပွဲကြီးမှာ Burmese Ghouls အသင်းက Top 8 ထဲ ဝင်ရောက်သွားနိုင်ခဲ့ပြီဖြစ်လို့ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃၅၀၀၀ ကတော့ သေချာသွားပြီဖြစ်သလို လာမဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ရှုံးတဲ့ အသင်းက အိမ်ပြန်ရမှာဖြစ်လို့ Burmese Ghouls အသင်းအနေနဲ့ RRQ အသင်းကို အနိုင်ရရှိသွားဖို့လိုအပ်နေတာကြောင့် မနက်ဖြန်မှာ ကျင်းပသွားမဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်သွားကြရဦးမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *