၂၈.၂.၂၀၂၄
Translated by Htwe Ko Tun

ပြင်သစ်သမ္မတ အီမာနျူရယ်လ် မက်ခရွန်က လိုအပ်လာရင် ယူကရိန်းသို့ မြေပြင်တပ်ဖွဲ့များပို့ပေးနိုင်တယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်ကပြောခဲ့အပြီးမှာ နေတိုးအုပ်စုနဲ့ ဥရောပသမဂ္ဂခေါင်းဆောင်တွေက လက်မခံဆန့်ကျင်ကြောင်း လျင်မြန်စွာ ပြန်လည်ပြောကြားခဲ့ကြပြီး ရုရှားနိုင်ငံဘက်ကလည်း သတိပေး ပြောကြားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲအတွင်း မကြာမီကာလက ရုရှားတပ်ဖွဲ့တွေ ရှေ့တန်းစစ်မျက်နှာ ရှေ့သို့တိုးတက်ချီတက်လာနိုင်ခဲ့ကြတဲ့နောက်ပိုင်း ယူကရိန်းကို ဘယ်လိုဆောင်ရွက်ချက်တွေနဲ့ ကျားကန် ကာကွယ်ပေးကြမလဲဆိုတာ အဓိကကျတဲ့ ဥရောပမိတ်ဖက်နိုင်ငံတွေက အဆင့်မြင့်ခေါင်းဆောင်တွေရဲ့ ပါရီမြို့မှာပြုလုပ်တဲ့ အစည်းအဝေးအပြီးမှာ ပြင်သစ်သမ္မတ မက်ခရွန်က အဲဒီလိုပြောခဲ့တာပါ။

မက်ခရွန်က အစည်းအဝေးမှာ မြေပြင်တပ်တွေပို့ဖို့ အများသဘောတူဆန္ဒဆိုတာမရခဲ့ပေမယ့် ရုရှားကို အနိုင်တိုက်ပြီး ဥရောပရဲ့လုံခြုံရေးကို တာဝန်ယူထိန်းသိမ်းနိုင်ဖို့ ခုလိုပြောတာလို့ဆိုခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်ခေါင်းဆောင်ရဲ့ပြောကြားချက်အပေါ် မဟာမိတ်နိုင်ငံတွေက ချက်ချင်းဆိုသလိုပဲ ပြန်လည်ဆန့်ကျင်ပြောကြားခဲ့ကြကာ ရုရှားအစိုးရကလည်း တကယ်လို့များ ယူကရိန်းမှာ နေတိုးတပ်တွေရောက်လာရင် ရုရှားကို တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်တွေ့တာပဲဆိုတာ ရှောင်လွဲမရနိုင်အောင် ပေါ်လွင်တာပဲလို့ ဆိုခဲ့ပါတယ်။

နေတိုးအဖွဲ့ကလည်း နေတိုးရဲ့တိုက်ခိုက်ရေးတပ်တွေကို ယူကရိန်းသို့စေလွှတ်ဖို့ အစီအစဉ်လုံးဝမရှိလို့ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းမှာကြေညာခဲ့ပါတယ်။ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ် တာ့စ်ခ် ကလည်း ပြင်သစ်သမ္မတရဲ့အကြံကို လုံးဝလက်မခံကြောင်း ပြောခဲ့ပါတယ်။ ဆွီဒင်ဝန်ကြီးချုပ် ခရစ်စတာ ဆန် ကလည်း ယူကရိန်းသို့ မြေပြင်တပ်တွေပို့ဖို့အကြံကို လက်မခံပါကြောင်းနဲ့ သူ့နိုင်ငံ နေတိုးအုပ်စုသို့ ဝင်ရောက်ခွင့်ရရေး ရှင်းလင်းသွားတဲ့ဒီနေ့မှာပဲ စိတ်အ‌နှောင့်အယှက်ဖြစ်ရတဲ့ပုံပေါ်နေပါတယ်။ သူက “အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ နေတိုးအုပ်စုကို ထိခိုက်သက်ရောက်မှုမရှိဘူးဆိုရင်တော့ ဘယ်နိုင်ငံကိုမဆို သူတို့ရဲ့တပ်တွေပို့နိုင်တာပေါ့၊ ဒါနေတိုးကလုပ်ဆောင်တာမဟုတ်ဘူး”လို့ပြောခဲ့ပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အိုလတ်ဖ် စကို့လ်ဇ် ကလည်း ယူကရိန်းမြေပေါ်ကို မြေပြင်တပ်တွေပို့ဖို့ ဘာသဘောတူညီချက်မှမရှိဘူးလို့ ဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်မှာတော့ ရုရှားအစိုးရက တကယ်လို့များနေတိုးနိုင်ငံတစ်ခုခုက ယူကရိန်းကို မြေပြင်တပ်တွေပို့ပြီးစွက်ဖက်လာမှာဆိုရင် အနောက်အုပ်စု နေတိုးတပ်ဖွဲ့တွေနဲ့ ရုရှားတပ်ဖွဲ့တွေကြား စစ်ပွဲဖြစ်ပွားအောင် ဖန်တီးတာပဲလို့ သတိပေးခဲ့ပါတယ်။

Ref-The Guardian

Leave a Reply

Your email address will not be published. Required fields are marked *