၂၈.၂.၂၀၂၄
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ မိတ္တီလာ-မလှိုင်သွားကားလမ်းပေါ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်းက ဘုန်းကြီးမောင်းနှင်လာတဲ့ကားနဲ့ ဆိုင်ကယ် တိုက်မိတဲ့ ယာဥ်တိုက်မှုဖြစ်စဥ်က ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိတဲ့ အမျိုးသမီးငယ်ကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံဆီ လွှဲပြောင်းစဥ် လမ်းမှာထပ်မံသေဆုံးသွားခဲ့တယ်လို့ နောက်ဆက်တွဲ သတင်းတွေအရ သိရပါတယ်။

အဆိုပါယာဥ်တိုက်မှု ဖြစ်စဥ်အတွင်း အခင်းဖြစ်နေရာမှာတင် အဝေးသင်တက္ကသိုလ်ကျောင်းသား မောင်ဟိန်းမင်းဖြိုး သေဆုံးခဲ့ပြီး နောက်ကလိုက်ပါစီးလာသူ မတင်နေခြည်ကျော်ပါ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တာပါ။ ထိခိုက်ဒဏ်ရာရရှိသူ မတင်နေခြည်ကျော်(၁၈)နှစ်ကို မိတ္တီလာပြည်သူ
ဆေးရုံကြီးကနေ နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံကြီးဆီလွှဲပြောင်းပေးခဲ့ကြတာကြောင့် သီရိရန်အောင်လူမှုကူညီရေးအသင်းယာဥ်နဲ့ ပို့ဆောင်ခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်းပျော်ဘွယ်မြို့နယ်အတွင်းအရောက်မှာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် ထပ်မံသေဆုံးခဲ့​တယ်လို့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဒီဖြစ်စဥ်က ဘုန်းကြီးမောင်းလာတဲ့ကားက ဆိုင်ကယ်ကိုကျော်တက်ချိန် တစ်ဖက်ယာဥ်ကြောရောက်ပြီး တက္ကသိုလ်ကျောင်းသားမောင်းလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်ပြီး ကျောင်းသားသေဆုံးခဲ့သလို ထပ်မံသေဆုံးသူအမျိုးသမီးငယ်က ရန်ကုန်က ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ သူနာပြုအကူသင်တန်းတက်ရောက်ပြီး ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်နိုင်ဖို့ ကြိုးစားနေသူလို့လည်း သိရပါတယ်။ လွန်ခဲ့တဲ့(၂)ပတ်ကမှ မိတ္ထီလာခရိုင် တောင်သာမြို့နယ် ရုံးစည်ကြီးအရပ်ကမိဘဆွေမျိုးတွေဆီ ပြန်လာရင်း အခုလိုမတော်တဆမှု ဖြစ်တာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *