၂၈. ၂. ၂၀၂၄
Written by Phyo Wei

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူအရေအတွက် မြင့်တက်လာနေပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါး ရှိလာတဲ့ ဒီရက်သတ္တပတ်မှာပဲ ထိုင်းနိုင်ငံကလည်း မြန်မာဒုက္ခသည်တွေကို စတင်ကူညီမှုကို မတ်လဆန်းမှာ စတင်မယ်လို့ ပြောလာတာကို တွေ့ရပါတယ်။

ဒါ့အပြင်လည်း ထိုင်းအစိုးရနဲ့ လုံခြုံရေးအဖွဲ့တွေဟာ မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသူတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ထိုင်းနိုင်ငံပိုင်နက်အတွင်းက လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလွန်ဆန်က ပြောလာတဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ AA နဲ့ ARSA ပူးပေါင်းပြီး ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါးဖြန့်ဖြူးနေတယ်ဆိုတဲ့အကြောင်း၊ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆီက နျူကလီးယားကုန်ပစ္စည်းတွေ မှောင်ခိုကုန်ကူးတဲ့ ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်ကို အမေရိကန်ဖမ်းမိထားတဲ့အကြောင်းနဲ့ အတင်းအဓမ္မပေါ်တာဆွဲတာ၊ စစ်သားစုဆောင်းတာကို တိုင်ကြားနိုင်တယ်လို့ ပြောလာတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။

ARSA နဲ့ပေါင်းပြီး မူးယစ်ဆေးဖြန့်တဲ့ AA

“ပထမဦးဆုံးတော့ မောင်းတောဒေသမှာရှိတဲ့ နယ်စပ်ဒေသလုံခြုံရေး တာဝန်ယူထားတဲ့ နယ်စပ်ဒေသကာကွယ်ရေး ရဲတွေ၊ ရဲစခန်းတွေကို သူတို့တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်ခဲ့တဲ့နေရာမှာ တချို့ရဲစခန်းတွေသည် ဆုတ်ခွာပေးလိုက်ရတယ်။ ဆုတ်ခွာပေးတာနဲ့အတူ AA အနေနဲ့ သတင်းလွှင့်တာ တစ်ခုရှိပါတယ်။ ဘာလွှင့်လည်းဆိုတော့ နယ်ခြားစောင့်ရဲတွေအနေနဲ့ ARSA အကြမ်းဖက်သောင်းကျန်းသူတွေကို လက်နက်တွေ ရောင်းချခဲ့တယ်ဆိုတဲ့ဟာမျိုး။ ဒါမဟုတ်မမှန်ထုတ်လွှင့်တာရှိပါတယ်။ အမှန်တော့ ဒီ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နဲ့ ARSA ဘင်္ဂါလီသောင်းကျန်းသူတွေဟာ ယခင်ကတည်းက အဆက်အသွယ်ရှိပြီးဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက အဆက်အသွယ်ကတော့ မူးယစ်ဆေးဝါးလုပ်ငန်းပဲဖြစ်တယ်။ စိတ်ကြွရူးသွပ်ဆေးပြားများ၊ WY ဆေးပြားများ၊ ICE မူးယစ်ဆေးဝါးများကို ဒီ AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ထဲအထိ သွင်းယူလာတာဖြစ်ပါတယ်။ ဒီဟာတွေဟာ ဘယ်ကနေထွက်တယ်။ ဘယ်နေရာကနေသွားတယ်ဆိုတာလည်း ကျွန်တော်တို့ အထောက်အထားအပြည့်အစုံနဲ့ AA က အဖွဲ့ဝင်တွေ၊ အရာရှိကြီးများကိုယ်တိုင်၊ သူတို့ပြောနေတဲ့ AAရဲ့ စစ်ဘက် သူတို့ခေါင်းဆောင်လို့ ပြောနေတဲ့သူတွေကိုယ်တိုင် ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ အကြိမ်ကြိမ်လည်း ဖမ်းဆီးရမိပြီးဖြစ်ပါတယ်။ သက်သေအထောက်အထားနဲ့လည်း ကျွန်တော်တို့ ထုတ်ပြန်ပြီးဖြစ်တယ်။ ဒီဟာတွေကို အဓိက ပင်လယ်ထွက်ပေါက်ကနေပို့တာရှိတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ပို့တာရှိတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာလည်း မကြာခဏဖမ်းဆီးရမိတာရှိတယ်။ နယ်စပ်အထိ AA အဖွဲ့က တာဝန်ယူပြီး ဟိုဘက်မှာ ARSA အဖွဲ့နဲ့ချိတ်ပြီး လွှဲပြောင်းပြီးဆောင်ရွက်တာဖြစ်ပါတယ်။ ဒီနေရာမှာ ရဲစခန်းတွေက ဆုံးရှုံးခဲ့ရတဲ့ လက်နက်တွေကို ARSA အဖွဲ့ကို ထောက်ပံ့ပြီးတော့ ဒါသူတို့ ထောက်ပံ့တယ်ဆိုတာ မဖြစ်အောင်။ ပြီးရင် ဒီစောင့်ကြည့်နေတဲ့ ရခိုင်ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်” လို့ SAC ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

AA ဟာ ကချင်လက်နက်ကိုင် KIA မွေးထုတ်ကတည်းက ဒီနေ့အထိ အသိအမှတ်ပြု စိုးမိုးနယ်မြေမရှိသလို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကာလရှည် သတ်မှတ်ခံရလို့ တခြားသော တိုင်းရင်းသားလက်နက်ကိုင်တွေလိုလည်း ဟန်ပြစီးပွားရေးလုပ်ငန်းတွေလည်း မရှိပါဘူး။ ဒါကြောင့်မို့လို့ AA ရဲ့ အဓိက ပင်မစီးပွားရေး လုပ်ငန်းဟာ မူးယစ်ဆေးဖြန့်ချိတာဖြစ်သလို AA နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ မူးယစ်ဆေးဖြန့်ချိမှုနဲ့ ပတ်သက်လို့လည်း NLD အစိုးရဟောင်းလက်ထက်တုန်းက ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အစီရင်ခံစာမှာလည်း ဖော်ပြခဲ့တဲ့အပြင် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း AA ရဲ့ မူးယစ်ဂိုဏ်းလက်တံတစ်ခုဖမ်းမိပြီး ကျပ်ဘီလျံ ၅၀ ကျော်ဖိုး မူးယစ်ဆေးတွေ မိခဲ့သေးတာပါ။ AA ဆိုပြီး ဖြစ်တည်လာပြီးစကနေ ဒီနေ့အထိ မူးယစ်ဆေးဖြန့်ချိနေပေမဲ့ နိုင်ငံရေးအကျပ်အတည်းတစ်ခုမှာ မူးယစ်ရာဇာဆိုတဲ့ပုံရိပ်ကို မီဒီယာအားနဲ့ ခွာချခဲ့သလို မြောက်ပိုင်းသုံးဖွဲ့အားနဲ့လည်း နယ်မြေ ၇ ခုလောက်ကို သိမ်းထားနိုင်ပြီဖြစ်လို့ မူးယစ်ရာဇာ မဟုတ်ပါဘူး ဆင်ခြေထုတ်ခွင့်ရလာတာလည်း အားလုံးအမြင်လို့ပဲ ပြောရမှာပါ။

အမေရိကန်ဖမ်းမိတဲ့ EAO တွေဆီက နျူကလီးယားကုန်ကြမ်း မှောင်ခိုကုန်ကူးတဲ့ ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်

နျူကလီးယားလက်နက်တွေ စက်ရုံတွေနဲ့ ပတ်သက်လာရင် တပ်မတော်ကိုပဲ ပြေးမြင်ကြတာဖြစ်ပြီး တစ်ကမ္ဘာလုံးကလည်း တပ်မတော်ကိုပဲ ရန်ရှာခဲ့ကြပေမဲ့ အမေရိကန်နိုင်ငံကိုယ်တိုင် ဖော်ထုတ်ခဲ့တဲ့ အမှန်တရားတစ်ခုကတော့ မြန်မာ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နျူကလီးယားကုန်ပစ္စည်းတွေအပြင် လက်နက်ထုတ်နိုင်တဲ့အဆင့်ရောက်နေပြီဖြစ်တဲ့ ပလူတိုနီယံတောင် ရောင်းဝယ်နိုင်ပြီလို့ ပြောလာတာပါ။

ဒီဖြစ်စဉ်ဟာ ၂၀၂၀ ပြည့်နှစ်က စတင်ခဲ့တာဖြစ်ပြီး ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင် တာကီရှီအီဘီဆာဝါကို တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တစ်ယောက်က ယူရေနီယံ မက်ထရစ်တန် ၅ တန်ကို ဒေါ်လာ ၆ သန်းနဲ့ ရောင်းချခိုင်းရာက အီဘီဆာဝါဟာ အီရန်ကဗိုလ်ချုပ်တစ်ယောက်ကို ချိတ်ဆက်ပြီး နျူလက်နက်ထုတ်ဖို့ဆို ပလူတိုနီယံအထိ ရမယ်လို့ ပြောခဲ့တာပါ။ ဒါပေမဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ချိတ်ဆက်သူက အီရန်ဗိုလ်ချုပ်အသွင်ယူထားတဲ့ အမေရိကန်ထောက်လှမ်းရေး CIA ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA က အသွင်ယူထားသူဖြစ်နေလို့ ဒီ ယူရေနီယံတွေ ပလူတိုနီယံတွေကို အီရန်ဗိုလ်ချုပ်အထင်နဲ့ မှောင်ခိုသယ်ပို့ရောင်းချချိန် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တွေ့ဆုံအပြီး ဧပြီလမှာ အမေရိကန်ဘက်က ယာကူဇာဂိုဏ်းခေါင်းဆောင်ကို ဖမ်းလိုက်တာပါ။ မူလက ဒီလိုမျိုးဖမ်းမိမှုကို မူးယစ်ဆေးဝါးမှုပဲ ဖော်ပြခဲ့တာဖြစ်ပေမဲ့ လက်ရှိအချိန်ကြမှ ကြောက်စရာကောင်းတဲ့ နျူကလီးယားကုန်စည်တွေ ရောင်းဝယ်မှုကို အမေရိကန်ဘက်က ထုတ်ပြလာတာပါ။

အက်ဘီဆာဝါက အမေရိကန်က အီရန်ဗိုလ်ချုပ်အယောင်ဆောင်ထားတဲ့ လျှို့ဝှက်အေးဂျင့်ကို မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့ဆီကနေ သိုရီယမ်-၂၃၂ ကီလိုဂရမ် ၂၀၀၀ ကျော်နဲ့ ယူရေနီယံ ၁၀၀ ကီလိုဂရမ်ကျော် ရရှိနိုင်ပြီး အဲ့ဒီပမာဏဟာ နျူကလီးယား ကုန်ကြမ်းပမာဏ ငါးတန်အထိ ထုတ်နိုင်တယ်လို ပြောကြားခဲ့သလို သူတို့အရှေ့တောင်အာရှမှာ တွေ့ဆုံမှုအတွင်း နျူကလီးယား ပစ္စည်းတွေ နမူနာပါတဲ့ပလတ်စတစ်ပုံးနှစ်လုံးကို ပြသခဲ့ပါတယ်။ အဲ့ဒီနောက် ထိုင်းအာဏာပိုင်တွေက အဲ့ဒီပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ကာ အမေရိကန်ကို လွှဲပြောင်းပေးခဲ့ပြီး နမူနာတွေကို စမ်းသပ်ပြီးနောက်မှာတော့ ယူရေနီယမ်၊ သိုရီယမ် နဲ့ ပလူတိုနီယမ်တို ပါ၀င်ကြောင်း အတည်ပြုခဲ့ကာ အဆင့်မြင့်လက်နက်ထုတ်နိုင်တဲ့အထိ အဆင့်ရှိတဲ့ ပစ္စည်းတွေလည်း ပါဝင်နေတာကို တွေ့ရှိခဲ့တာပါ။

လက်ရှိအချိန်မှာတော့ အမေရိကန် တရားရေးဌာနဖော်ပြချက်အရ ဒီနျူကလီးယားကုန်ပစ္စည်းတွေ ထုတ်ရောင်းလာသူက RCSS ဥက္ကဋ္ဌဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားသလို ဗိုလ်ချုပ်ကြီးယွက်ဆစ်ကလည်း ငြင်းဆိုထားတာ တွေ့ရပါတယ်။ ရှမ်းပြည်နယ်ဟာလည်း လတ်တလောမှာ မြောက်ပိုင်းသုံးဖွဲ့က ထိန်းချုပ်ထားပြီး ဒီထိန်းချုပ်မှုဖြစ်ရပ်မှာ တရုတ်နိုင်ငံက ပါဝင်တယ်လို့ အများက သုံးသပ်နေချိန်မှာပဲ အမေရိကန်က တရုတ်နဲ့ ဆက်နွှယ်နေတဲ့ ဒီဒေသက လက်နက်ကိုင်အဖွဲ့ရဲ့ နျူကလီးယားကုန်စည်အများအပြား မှောင်ခိုရောင်းဝယ်မှုကို ဖွင့်ချလာတာပါ။ ကျားဖြန့်ကို နှိမ်နင်းဖို့ ရှမ်းမြောက်ဟာ ၁၀၂၇ နဲ့ မွမွကြေထားချိန်မှာ အမေရိကန်ဘက်က နျုူကလီးယားမှောင်ခို ရောင်းဝယ်ဖောက်ကားမှု ထိန်းချုပ်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှမ်းပြည်ကို ထပ်မွှေမလားဆိုတာတော့ စောင့်ကြည့်ချင်စရာပါ။

အတင်းအဓမ္မပေါ်တာဆွဲရင် တိုင်ကြားနိုင်တဲ့ အခြေအနေ

“ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ပြီးအာဏာတည်ဖို့ ပြဋ္ဌာန်းလိုက်ချိန်မှာ ဒီပြည်ဖျက်မီဒီယာတွေ၊ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အားလုံး လူငယ်တိုင်းပဲ အခုလောလောဆယ်ပဲ၊ အခုချက်ချင်းပဲ တပ်ထဲကို ဝင်ရမလို။ ချက်ချင်းပဲ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရမလို ဒါတွေနဲ့ ခြောက်လှန့်ခဲ့တာရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၊ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့တွေ ဖွဲ့စည်းတယ်။ ပြန်ကြားပေးဖို့အတွက် ဖုန်းနံပါတ်တွေ ပေးပြီး ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ ဖြေရှင်းတဲ့အခါမှာ ဒါတွေသည်မဟုတ်ဘူး။ အလှည့်ကျ ဆောင်ရွက်ရမယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဘာကြောင့် တာဝန်ယူခိုင်းတာဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ဘာကြောင့် ဆောင်ရွက်ခိုင်းတာ ဖြစ်တယ်ဆိုတဲ့ အဖြေမျိုး ပြည်သူလူထုဆီကို ရောက်သွားတဲ့အခါမှာ အခုချိန်မှာ တစ်မျိုးပြောင်းပြီးတော့ ပြည်သူလူထုကို စိုးရိမ်ထိန့်လန့်မှုဖြစ်အောင်လုပ်နေတာတွေ တွေ့ရပါတယ်။ ဒီဟာတွေကတော့ လူငယ်တွေ ဘယ်နေရာ ပျောက်သွားတယ်တို့၊ ဘယ်နေရာမှာ ဖမ်းဆီးခံရတယ်တို့၊ ဘယ်နေရာမှာ အတင်းအဓမ္မစစ်သား စုဆောင်းနေပြီတို့၊ ဘယ်နေရာမှာ ပေါ်တာဆွဲပြီဆိုတဲ့ ကောလာဟလ ထုတ်လွှင့်ချက်များ ဆက်တိုက် ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ အခြေအမြစ်မရှိတဲ့ဟာတွေပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောကြားချင်တာက ဘယ်နေရာမှာ နာမည်ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်။ ဘယ်နေရာမှာ နာမည်ဘယ်သူနဲ့ လူငယ်တွေပျောက်ဆုံးနေတယ်။ ဘယ်နေရာမှာ နာမည်ဘယ်သူတွေနဲ့ လူငယ်အဖွဲ့တွေကို ပေါ်တာဆွဲသွားတယ်ဆိုတာကို သိရရင်၊ သတင်းတိကျတယ်ဆိုရင် ကျွန်တော်တို့ ပေးထားတဲ့ ဖုန်းနံပါတ်များရှိပါတယ်။ အချိန်မရွေးဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်” လို့ SAC ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလာပါတယ်။

စစ်မှုထမ်းဥပဒေထွက်လာအပြီးမှာ စစ်မှုထမ်းအသက်အရွယ်မှာပါဝင်နေတဲ့ လူငယ်အများအပြားဟာ သွေးလန့်ကုန်ကြပြီး အရင်တုန်းကတည်းက လက်နက်ကိုင်လိုသူလူငယ်တွေက လက်နက်ကိုင်တွေဘက် ကူးသွားသလို လက်နက်မကိုင်လိုတဲ့ လူငယ်တွေက ပြည်ပထွက်ခွာဖို့ အသည်းအသန်အားထုတ်နေကြတာမြင်ရတာပါ။ လက်ရှိမှာလည်း နေရာအနှံ့မှာ ပေါ်တာဆွဲတယ်၊ အတင်းအဓမ္မစစ်သားစုနေတယ်ဆိုတဲ့ သတင်းတွေက ပျံ့နှံ့နေတာဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်တွေဘက်မှာလည်း သိမ်းထားနိုင်တဲ့ မြို့တွေ ပြန်ပါမသွားဖို့ လူငယ်တိုင်းကို လက်နက်ကိုင်အဖြစ် အဓမ္မစုဆောင်းနေကြတာကြောင့်လည်း လူငယ်ထုကြား ထိတ်လန့်မှု ပိုမိုနေတာပါ။ လက်ရှိအချိန်မှာ လူငယ်တိုင်းသွေးလန့်နေတဲ့ စစ်မှုထမ်းဥပဒေ အချိန်တစ်ခု ဆိုင်းငံ့သွားတာမျိုး၊ လုံး၀စစ်မှုထမ်းမခေါ်ဖို့ဆိုတာမျိုးဟာ လက်ရှိမှာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေ ရပ်သွားမှ ဖြစ်နိုင်မှာမို့လို့ အကြမ်းဖက်တိုက်ခိုက်မှု ထောက်ခံနေသရွေ့၊ ဒီမိုကရေစီကို လက်နက်အားကိုးမှ ရမယ်ထင်နေသရွေ့တော့ ကိုယ့်အထင်အောက်မှာပဲ ရောက်လာတဲ့ ဝန်တာကို မချစ်သော်လည်း အောင့်ကာနမ်းရမဲ့အခြေအနေဖြစ်ပြီး စစ်မီးကို တွန်းအားပေးမှုရပ်မှ စစ်မှုထမ်းအိပ်မက်ဆိုးက လွတ်ကြမှာပါလို့ လမ်းကြောင်းမှန်တွေးဆမြင်ဖို့ တင်ပြရင်း ဒီတစ်ပတ်နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *