ဗဟိုဘဏ် ဒေါ်လာ ဆက်တိုက်ထုတ်ရောင်းပေးခဲ့သော်လည်း ဒေါ်လာဈေး ကျပ် ၃၆၀၀ ကျော်သို့ မြင့်တက်လာ

၂၄. ၂. ၂၀၂၄
Written by Ye Kyaw

ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၃၆၀၀ ကျော်အထိ မြင့်တက်နေ၍ ဖေဖော်ဝါရီ ၂၆ ရက် (လာမည့်နင်္လာနေ့)တွင် နိုင်ငံခြား‌ငွေဈေးကွက်သို့ ဒေါ်လာ ၈ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံ ထုတ်ရောင်းပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေး ကြေညာထားသည်။

ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဒေါ်လာဆက်တိုက် ထုတ်ရောင်းပေးမှုကြောင့် တစ်ဒေါ်လာ ကျပ် ၃၅၀၀ သို့ ပြန်ကျဆင်းခဲ့သည့် ဒေါ်လာဈေးမှာ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ကျော်သို့ ပြန်လည်မြင့်တက်လာ၍ ဗဟိုဘဏ်က ဒေါ်လာနှင့် ထိုင်းဘတ်ငွေများ ထပ်မံထုတ်ရောင်းချပေးခဲ့သော်လည်း ဒေါ်လာဈေး ကျဆင်းလာခြင်းမရှိသည့်အပြင် ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၆၁၀ ကျပ်အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ဒေါ်လာရောင်းချပေးမှုအနေဖြင့် ဇန်နဝါရီ ၁ ရက်တွင် ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၆ ရက်တွင် ‌‌ဒေါ်လာ ၅ သန်း၊ ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၁ သန်း၊ ဖေ‌ဖော်ဝါရီ ၈ ရက်တွင် ဒေါ်လာ ၈ သန်း၊ ဖေ‌ဖော်ဝါရီ ၁၄ ရက်တွင် ဒေါ်လာ ၅ ဒသမ ၃၈ သန်းနှင့် ဖေ‌ဖော်ဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၉ သန်းနှင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဒေါ်လာ ၈ သန်း ထုတ်ရောင်းပေးထား၍ တစ်လခွဲကျော်အတွင်း ၁၂ ကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၁၂၁ ဒသမ ၃၁ သန်း ထုတ်ရောင်းခဲ့သည်။ လာမည့် ဖေဖော်ဝါရီ ၂၆ ရက် (တနင်္လာနေ့)တွင်လည်း ဒေါ်လာ ၈ သန်း ထပ်မံထုတ်ရောင်းပေးသွားမည်ဖြစ်သည်။

ထို့အပြင် ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ထိုင်းဘတ် သန်း ၂၀၀၊ ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဖေဖော်ဝါရီ ၇ ရက်တွင် ထိုင်းဘတ်သန်း ၂၀၀၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ထိုင်းဘတ်သန်း ၂၀၀ နှင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ထိုင်းဘက်သန်း ၂၀၀ ထပ်မံထုတ်ရောင်း၍ တစ်လအတွင်း စုစုပေါင်း ထိုင်းဘတ်သန်း ၉၀၀ ထုတ်ရောင်းပေးထားသည်။ လာမည့် ဖေဖော်ဝါရီ ၂၆ ရက် (တနင်္လာနေ့)တွင်လည်း ထိုင်းဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်းပေးသွားမည်ဖြစ်သည်။

အလားတူ ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားခြင်းလည်းဖြစ်သည်။

နိုင်ငံခြားငွေဈေးကွက်သို့ မဟုတ်ဘဲ သီးခြားအနေဖြင့် လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ နှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးခဲ့သလို စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို နှစ်ကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းပမာဏ ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *