၂၁. ၂. ၂၀၂၄
Wrotten by Nyein Kyaw

အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် ပြည်တွင်း၊ ပြည်ပနှင့် အစုအစပ် ကုမ္ပဏီ ၁၇၈ ဖွဲ့အထိ ခွင့်ပြုထားပြီး ထုတ်ချေးငွေလက်ကျန် ကျပ်ဘီလျံ ၁၈၀၀ ကျော်ဖြင့် ငွေကြေးဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြုလုပ်သည့် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (၁/၂၀၂၄) အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် ပြည်ပကုမ္ပဏီ ၅၄ ဖွဲ့၊ ပြည်တွင်းကုမ္ပဏီ ၁၁၆ ဖွဲ့နှင့် အစုစပ်ကုမ္ပဏီ ၈ ဖွဲ့ စုစုပေါင်း ၁၇၈ ဖွဲ့ရှိနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုရှိ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်၊ ရပ်ကွက် ၂၂၄၅ ရပ်ကွက်၊ ကျေးရွာပေါင်း ၂၆၉၈၆ ရွာရှိ အသင်းဝင်ဦးရေ ၃ ဒသမ ၄၅ သန်း၊ ထုတ်ချေးငွေလက်ကျန် ငွေကျပ် ၁၈၃၅ ဒသမ ၉၅၄ ဘီလျံဖြင့် ငွေကြေးဝန်ဆောင်မှု ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရ အသေးစားငွေရေးကြေးရေးကုမ္ပဏီများအနေဖြင့် ငွေကြေးဝန်ဆောင်မှုပေးရာတွင် သတ် မှတ်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး အလေးထားဆောင် ရွက်သွားရန်လိုကြောင်း၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအနေဖြင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ကိုဗစ်နှင့် နိုင်ငံရေးဖြစ်စဉ်များကြောင့် ကြုံတွေ့ရသည့် ငွေသားထုတ်ယူမှုနှင့် ပြည်ပချေးငွေရယူရန် အခက်အခဲများ ကျော်လွှားနိုင်ရန်နှင့် လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရန်အတွက် ပြည်တွင်းဘဏ်များမှ ချေးငွေရယူသည့်လုပ်ငန်းစဉ်များ မြန်ဆန်အောင် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ချေးငွေအတန်းအစားခွဲခြားခြင်းနှင့် ကြွေးဆုံးလျာထားသတ်မှတ်ခြင်းဆိုင်ရာ ဖြေလျှော့ခြင်းများကို ဆောင်ရွက်ပေးခြင်း၊ အသေးစား ငွေရေး ကြေးရေးအဖွဲ့အစည်းများကို ကော်ပိုရိတ်အာမခံကိုယ်စားလှယ် လုပ်ကိုင်ခွင့်ပြုခြင်း၊ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှု ရယူဆောင်ရွက်ခွင့်ပြုခြင်း၊ ချေးငွေဝန်ဆောင်မှု အသစ်များခွင့်ပြုပေးခြင်း၊ နယ်မြေဒေသအေးချမ်းမှုရှိပြီး စီးပွားရေးလုပ်ငန်းများ ကောင်းမွန်သောဒေသများသို့ နယ်မြေတိုးချဲ့ခွင့်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ဦးစားပေးကဏ္ဍဖြစ်သည့် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများ ထုတ်ချေးခြင်း၊ သီးနှံစိုက်ပျိုးသည်မှ ထုတ်လုပ်ရောင်းချနိုင်သည်အထိ Supply Chain တစ်ခုလုံးအတွက် ချေးငွေထုတ်ချေးနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းသာမက အသင်းဝင်များအတွက် လိုအပ်သည့် လူမှုရေးဝန်ဆောင်မှု (CSR) လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *