လွယ်ဂျယ်ကုန်သွယ်ရေး လမ်းကြောင်းသို့ ပြောင်းလဲတင်ပို့ခဲ့သည့် သစ်သီးကားများကို တွေ့ရစဉ်။

၂၁. ၂. ၂၀၂၄
Written by Ye Kyaw

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ကုန်သွယ်မှုလျော့ကျခဲ့မှုများ ရှိသော်လည်း အခြားလမ်းကြောင်းများမှ ပြောင်းလဲတင်ပို့လာကြခြင်းကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်တွင် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုပမာဏ ယခင်နှစ်ကာလတူထက် ‌ဒေါ်လာသန်း ၄၃၀ ခန့် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၉ ရက်အထိ ၁၀ လကျော်တွင် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁ ဒသမ ၈၅၇ ဘီလျံသာရှိပြီး ယခင်နှစ်ထက် ဒေါ်လာ ၂၂၇ ဒသမ ၉၂၈ သန်းလျော့ကျခဲ့သော်လည်း သွင်းကုန်တင်ပို့မှု ‌ဒေါ်လာ ၁ ဒသမ ၀၆၅ ဘီလျံရှိပြီး ယခင်နှစ်ထက် ဒေါ်လာ ၄၂၈ ဒသမ ၂၁၂ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်တွင် မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်မှု၌ ပို့ကုန်တင်ပို့မှု လျော့ကျခဲ့သော်လည်း သွင်းကုန်တင်သွင်းမှု ပိုမိုမြင့်တက်ခဲ့ခြင်းကြောင့် ယခင်နှစ်ကာလတူထက် ‌ဒေါ်လာ ၄၂၈ ဒသမ ၂၁၂ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုင်တည်၊ ကျိုင်းတုံ စသည့် နယ်စပ်ကုန် သွယ်ရေးစခန်း ၅ ခုဖြင့် အဓိကဆောင်ရွက်နေခြင်းဖြစ်ပြီး အဓိကကုန်သွယ်ရေးစခန်းဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ယခင်နှစ်ထက် ကုန်သွယ်မှုများ လျော့ကျခဲ့ခြင်းဖြစ်သည်။

သို့သော် မူဆယ်နယ်စပ်မှ ဆောင်ရွက်နေသည့် ပို့ကုန်/သွင်းကုန်လုပ်ငန်းများသည် အခြားသော နယ်စပ်စခန်းလမ်းကြောင်းများမှ ပြောင်းလဲတင်ပို့လာခဲ့ခြင်းကြောင့် ချင်းရွှေဟော်၊ ကံပိုင်တည်၊ ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ယခင်ထက် ကုန်သွယ်မှုများ ပိုမိုမြင့်တက်ခဲ့ပြီး ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၅၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် မြန်မာ-တရုတ် မူဆယ်နယ်စပ်ကုန်ရေးစခန်းမှ ကုန်သွယ်ရေးလုပ်ငန်းများ အခက်အခဲဖြစ်ခဲ့သော်လည်း နိုဝင်ဘာလအလယ်မှ စတင်၍ အခြားသော ချင်းရွှေဟော်၊ ကံပိုင်တည်၊ ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ပို့ကုန်/သွင်းကုန်များ ပြောင်းလဲတင်ပို့၊ တင်သွင်းမှုများ ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ အဓိက ဆန်နှင့်ဆန်ကွဲကိုမူ သယ်ယူစရိတ်၊ ကုန်ကျစရိတ်များသဖြင့် တွက်ခြေမကိုက်၍ တင်ပို့ခြင်းမရှိသော်လည်း အခြားလယ်ယာထွက်ကုန်များဖြစ်သည့် ခရဲ၊ သခွား၊ ပြောင်း၊ ပဲနှင့် ရေထွက်ကုန်ပစ္စည်းတို့ကိုမှု တင်ပို့နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *