၁၆.၂.၂၀၂၄
Translated by Htwe Ko Tun

ဗြိတိန်နိုင်ငံ၏ထုတ်လုပ်မှုပမာဏက ၂၀၂၃ ခုနှစ်၏ စတုတ္ထသုံးလပတ်အတွင်း မျှော်မှန်းထားသည်ထက်ပို၍ လျော့ကျခဲ့သောကြောင့် နိုင်ငံ့စီးပွားရေးမှာလည်း ၂၀၂၃ ခုနှစ်အကုန်တွင် စီးပွားရေးပျက်ကပ်အတွင်း ကျရောက်ခဲ့ရကြောင်း တရားဝင်စာရင်းဇယားများက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဖော်ပြခဲ့ကြသည်။

ဗြိတိန်နိုင်ငံ၏အမျိုးသားစာရင်းဇယားများရုံးက ထုတ်ပြန်ချက်များအရ အမျိုးသားအသားတင် ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ) သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ရာ အာဏာရကွန်ဆာဗေးတစ်ပါတီ အစိုးရအဖို့ ယခုနှစ်အတွင်းအထွေထွေ ရွေးကောက် ပွဲကလည်း ကျင်းပရန်ရှိနေချိန်တွင် ထိုးနှက်ချက်တစ်ရပ်သဖွယ် ဖြစ်ခဲ့ရသည်။ စာရင်းဇယားများအရ ဝန်ဆောင်မှုလုပ်ငန်း၊ စက်မှုထုတ်လုပ်မှုနှင့် ဆောက်လုပ်ရေးကဏ္ဍ သုံးရပ်စလုံးတွင် နိမ့်ကျလျက်ရှိကြောင်း သိရသည်။

စီးပွားရေးပညာရှင်များက ဤသုံးလပတ်ကာလအတွင်း ဗြိတိန်နိုင်ငံ၏ ဂျီဒီပီတန်ဖိုးကို သုညဒသမ ၁ ရာခိုင်နှုန်းကျော်ကျဆင်းမည်ဟု ခန့်မှန်းထားခဲ့ကြရာ ခန့်မှန်းချက်ထက်သုံးဆခန့်ပို၍ နိမ့်ကျသွားခဲ့ပြီး ငွေဖောင်းပွမှုမြင့်တက်လာမှုကြောင့် အတိုးနှုန်းများမြင့်တက်ကာ အခြေမခိုင်ဖြစ်နေရသည့် နိုင်ငံ၏စီးပွားရေးကို မီးမောင်းထိုးပြသကဲ့သို့ ရှိခဲ့သည်။

၎င်းက ကိုဗစ်ကပ်ရောဂါကာလအတွင်း ၂၀၂၀ ပြည့်နှစ် ပထမခြောက်လပိုင်းတွင် နိုင်ငံ၏ထုတ်လုပ်မှု ထိုးကျခဲ့သည်မှစ၍ ဗြိတိန်နိုင်ငံအနေဖြင့် စီးပွားရေးပျက်ကပ်အတွင်း ပထမဆုံးအကြိမ် ကျရောက်ရခြင်းလည်းဖြစ်သည်။ သုံးလပတ်ကာလ နှစ်ခုဆက်၍ ဂျီဒီပီတန်ဖိုး ဆက်တိုက်ကျဆင်းခဲ့ပါက နိုင်ငံ့စီးပွားရေးမှာ ပျက်ကပ်နှင့်ကြုံနေရပြီဟု ပညာရှင်များက သတ်မှတ်အဓိပ္ပါယ်ဖွင့်ကြသည်။

နိုင်ငံအနေနှင့် စီးပွားရေးပျက်ကပ်အတွင်းကျရောက်နေမှုက ရွေးကောက်ပွဲကျင်းပရန် အချိန်ကိုစဉ်းစားနေရသော ဝန်ကြီး ချုပ် ရီရှီဆူနတ်အတွက် ပို၍ အခက်အခဲဖြစ်စေမည်လည်းဖြစ်သည်။ လူထုသဘောထားစစ်တမ်းနမူနာကောက်ယူမှုများအရလည်း ကွန်ဆာဗေးတစ်ပါတီအနေဖြင့် ပြိုင်ဘက် လေဘာပါတီထက် လူထုထောက်ခံမှု များစွာနိမ့်ကျနေခဲ့ရသည်။

ဘဏ္ဍာရေးဝန်ကြီး ဂျီရီမီဟန့်ကမူ ငွေဖောင်းပွမှုများစွာမြင့်တက်လာခြင်းက နိုင်ငံ့စီးပွားရေးကို အားနည်းစေခဲ့ကြောင်း၊ ဤအခြေအနေတွင် တိုးတက်မှုနိမ့်ကျသွားခြင်းက အံ့အားသင့်ဖွယ်ပင်မဟုတ်တော့ကြောင်း၊ မိသားစုများအဖို့လည်း အခက် အခဲအကျပ်အတည်းများနှင့်ရင်ဆိုင်နေရကြောင်း၊ လုပ်ငန်းများတွင် အခွန်များလျှော့ချ၍ ပိုမိုခိုင်မာသော နိုင်ငံ့စီးပွားရေးပြန်လည်တည်ဆောက်ရန် အတူတကွလက်တွဲ ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ မတ်လတွင် ဘဏ္ဍာရေးအသုံးစရိတ်ပြဌာန်းသည့်အခါ၌ ဟန့်အနေဖြင့် အခွန်များလျှော့ချခြင်း၊ အစိုးရအသုံးစရိတ်များဖြတ်တောက်ခြင်းတို့ဖြင့် ကွန်ဆာဗေးတစ်ပါတီ၏ နိုင်ငံရေးအရှိန်အဟုန်ကောင်းမွန်စေရေး အထောက်အခံပြုရန်ကြိုးစားလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

အကယ်၍သာ လေဘာပါတီက ရွေးကောက်ပွဲတွင်အနိုင်ရခဲ့လျှင် ဟန့်၏နေရာကို အစားထိုးတာဝန်ယူမည့် ရာချယ်ရိဗ်စ်က စီးပွားရေးပျက်ကပ်နှင့်ကြုံတွေ့ရမှုက ကွန်ဆာ‌ဗေးတစ်တို့၏အုပ်ချုပ်မှုအောက်တွင် ၁၄ နှစ်ကြာကာလလုံး နိုင်ငံစီးပွားရေးကျဆင်းနေမှုကို ပြသလိုက်ခြင်းဟုလည်းပြောခဲ့သည်။ ၎င်းက “ဒီဖြစ်ရပ်က ရီရှီဆူနတ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နိုင်ငံအနေနဲ့ စီးပွားရေးပျက်ကပ်နဲ့ ကြုံတွေ့ရတာဖြစ်ပြီး နိုင်ငံတစ်ဝန်းက မိသားစုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအဖို့ စိုးရိမ်ပူပန်မှုတွေမြင့်တက်လာစေတယ်” ဟု ဆက်လက်ပြောကြားသွားခဲ့သည်။

ဗြိတိန်နိုင်ငံ၏စီးပွားရေးက တိုးတက်မှုမရှိဘဲ အဘယ်ကြောင့် ရပ်တန့်နေခဲ့ရသနည်းဟု ဆိုရာတွင် အင်္ဂလန်ဘဏ်အနေနှင့် ၁၁ ရာခိုင်နှုန်းကျော်သည်ထိရောက်ရှိလာသော ငွေဖောင်းပွမှုကို ပြန်လည်လျော့ကျစေရန် ၁၆ နှစ်တာကာလအတွင်း အတိုးနှုန်းကို ၅ ဒသမ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ခြင်းကလည်း အကြောင်းတစ်ရပ်ဟုဆိုရမည်ဖြစ်သည်။ အတိုးနှုန်းမြင့်လာသည်နှင့်အမျှ ကုန်ဈေးနှုန်းများလည်း မြင့်တက်ကာ စီးပွားရေးလုပ်ငန်းများအဖို့ထိခိုက်လာစေသည်။

ထို့ကြောင့်လည်း ၁၄ နှစ်ကြာစီးပွားရေးကျဆင်းနေမှုမှ နောက်ဆုံးစီးပွားရေးပျက်ကပ်ကိုပါ ကြုံနေရမှုက ဗြိတိန်နိုင်ငံ၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်မတိုင်မီ ကျင်းပရတော့မည့် အထွေထွေရွေးကောက်ပွဲကို မည်သို့သက်ရောက်စေမည်နည်း စောင့်ကြည့်ရပေမည်။

Ref-Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *

Related News