◾ အမေရိကန်ရဲ့ ကာရစ်ဘီယံဒေသ တိုက်ခိုက်မှုတွေက အဓိကမဟာမိတ်တွေကို ဆုံးရှုံးစေရမှုနဲ့ ဦးစွာ ကြုံတွေ့နေရ
၁၂.၁၁.၂၀၂၅.
Translated by Htwe Ko Tun
ဗြိတိန်(ယူနိုက်တက်ကင်းဒမ်း)နိုင်ငံဟာ အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်လိုမှု မရှိတဲ့အပြင် တိုက်ခိုက်မှုတွေဟာ တရားမဝင်ဘူးလို့ ယုံကြည်ထားတဲ့အတွက် ကာရစ်ဘီယံပင်လယ်မှာ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတယ်လို့ သံသယရှိရတဲ့ သင်္ဘောတွေနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို အမေရိကန်နဲ့ မျှဝေတော့မှာ မဟုတ်တော့ဘူးလို့ ထိုကိစ္စနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေက CNN သတင်းဌာနကို ပြောကြားခဲ့ကြပါတယ်။
ယူနိုက်တစ်ကင်းဒမ်း အစိုးရရဲ့ ဆုံးဖြတ်ချက်က အမေရိကန်ရဲ့ အနီးကပ်ဆုံး မဟာမိတ်နဲ့ ထောက်လှမ်းရေးသတင်း မျှဝေတဲ့ မိတ်ဖက်ထံမှ သိသိသာသာ ခွဲထွက်မှုတစ်ခုဖြစ်ပြီး လက်တင်အမေရိကတစ်ဝိုက် မှာ အမေရိကန်စစ်တပ် လှုပ်ရှားမှုတွေရဲ့ တရားဝင်မှုအပေါ် အယုံအကြည်ကင်းမဲ့မှုတွေ တိုးပွားလာနေတာကို အလေးပေးဖော်ပြရာလည်းရောက်ခဲ့ပါတယ်။
နှစ်ပေါင်းများစွာပဲ ကာရစ်ဘီယံရှိ နယ်မြေအများအပြားကို ထိန်းချုပ်ခဲ့တဲ့ ဗြိတိန်အဖို့ ဒီနယ်မြေက ထောက်လှမ်းရေးသတင်းတွေရရှိရာ အဖိုးတန်နယ်မြေလို့ ဆိုရမှာပါ။ အမေရိကန်ကို မူးယစ်ဆေးဝါး သယ်ဆောင်တယ်လို့ သံသယရှိတဲ့ သင်္ဘောတွေကို ရှာဖွေဖို့ ကူညီပေးတဲ့အတွက် အမေရိကန်ကမ်းခြေစောင့်တပ်က ထိုသင်္ဘောတွေကို ဟန့်တားနိုင်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ ဆိုလိုတာကတော့ မူးယစ်သယ်ဆောင်တဲ့သင်္ဘောတွေကို ရပ်တန့်တာ၊ သင်္ဘောပေါ် တက်တာ၊ သင်္ဘောသားတွေကို ဖမ်းဆီးတာနဲ့ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းတာတို့ကို ပြုလုပ်တာ ဖြစ်ပါတယ်။

ထောက်လှမ်းရေးအချက်အလက်တွေကို ဖလော်ရီဒါပြည်နယ်မှာ အခြေစိုက်တဲ့ Joint Interagency Task Force South သို့ ပေးပို့လေ့ရှိပါတယ်။ ထိုအဖွဲ့မှာ မိတ်ဖက်နိုင်ငံအများအပြားမှ ကိုယ်စားလှယ်တွေပါဝင်ပြီး တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို လျှော့ချဖို့ လုပ်ဆောင်လျက်ရှိတာပါ။
ဒါပေမယ့် စက်တင်ဘာလမှာ အမေရိကန်က ဖမ်းဆီးစစ်ဆေးတဲ့ လှေတွေကို ပြင်းထန်တဲ့တိုက်ခိုက်မှု တွေ စတင်လာခဲ့ပြီးနောက် မကြာမီမှာတော့ အမေရိကန်ဟာ ဗြိတိန်က မျှဝေတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို အသုံးပြု၍ ပစ်မှတ်တွေကို ရွေးချယ်နိုင်တယ်လို့ ဗြိတိန်အစိုးရက စိုးရိမ်လာခဲ့ပါတယ်။ လူ ၇၆ ဦးအထိ သေဆုံးခဲ့ရတဲ့ အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေက နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်လို့ ဗြိတိသျှအရာရှိတွေက ယုံကြည်လာကြပါတယ်။ ဒီအတွက် ထေက်လှမ်းရေးသတင်းမျှဝေမှုကို လွန်ခဲ့တဲ့တစ်လကျော်ကြာကတည်းက ခေတ္တ ရပ်ဆိုင်းခဲ့တာလို့ သူတို့က ပြောခဲ့ကြပါတယ်။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ အကြီးအကဲ ဗော်လ်ကာ တပ်က် ကလည်း အမေရိကန်ရဲ့ အောက်တိုဘာလက တိုက်ခိုက်မှုတွေက နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ဥပဒေမဲ့ သတ်ဖြတ်မှုလို ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။ ဗြိတိန်ကလည်း ထိုအကဲဖြတ်ချက်ကို သဘောတူတယ်လို့ ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်ရှိ ဗြိတိသျှသံရုံးနဲ့ အိမ်ဖြူတော်တို့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို တုံ့ပြန်မှု မရှိခဲ့ပါဘူး။ ပင်တဂွန်အရာရှိတစ်ဦးက ဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ထောက်လှမ်းရေးကိစ္စရပ်တွေ အကြောင်း ပြောကြားမှုမရှိပါဘူးလို့ ဆိုခဲ့ပါတယ်။
သမ္မတ ထရမ့်ပ်ရဲ့အစိုးရကတော့ အမေရိကန်စစ်တပ်ဟာ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်တယ်လို့ သံသယရှိသူတွေကို တရားဝင်သတ်ဖြတ်နိုင်တယ်။ သူတို့ဟာ အမေရိကန်တွေကို ခြိမ်းခြောက်မှု ပြုနေကြပြီး အမေရိကန်နဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတဲ့ ရန်သူတိုက်ခိုက်ရေးသမားတွေ ဖြစ်လို့ပဲလို့ ငြင်းခုန်ခဲ့တယ်လို့ အစိုးရအဖွဲ့မှ ကွန်ဂရက်ကို ပေးပို့တဲ့ မှတ်စုတစ်ခုအရ သိရပါတယ်။
ဒါပေမယ့် ဥပဒေပညာရှင်တွေက လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဥပဒေသည် အရပ်သား မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူတွေအတွက် အကျုံးဝင်နေဆဲဖြစ်ပြီး အဖွဲ့တစ်ဖွဲ့ကို နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာက သေစေနိုင်တဲ့ အင်အားအသုံးပြုမှုကို အလိုအလျောက် ခွင့်ပြုတာ မဟုတ်ဘူးလို့ ပြောကြားခဲ့ကြပါတယ်။
အကြီးတန်း အမေရိကန် ကာကွယ်ရေးအရာရှိတွေကလည်း အဆိုပါ စစ်ရေးလှုပ်ရှားမှုအပေါ် သံသယရှိကြတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး အယ်လ်ဗင် ဟိုလ်ဆီ ဆိုရင် အောက်တိုဘာလက ကာကွယ်ရေးဝန်ကြီး ပိသ် ဟက်ဆက်နဲ့ အစည်းအဝေးတစ်ခုအတွင်း တင်းမာမှုဖြစ်ပွားပြီး ရာထူးမှ နုတ်ထွက်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဖြစ်တဲ့ ဟိုလ်ဆီက ကာရစ်ဘီယံပင်လယ်အတွင်းတိုက်ခိုက်မှုတွေရဲ့ ဥပဒေနဲ့ အညီဖြစ်မှုကို သူ့အနေနဲ့ သံသယရှိတယ်လို့လည်းဆိုခဲ့ပါတယ်။ သူက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တပ်မှူး ရာထူးသက်တမ်း တစ်နှစ်ပြည့်ပြီးနောက် ဒီဇင်ဘာလမှာ ရာထူးမှ နုတ်ထွက်မယ်လို့ ဆိုပါတယ်။
အမေရိကန် ကမ်းခြေစောင့်တပ်ကို ကာရစ်ဘီယံဒေသရှိ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ဆယ်စုနှစ်နှစ်ခုနီးပါး တားဆီးရာမှာ ကူညီပေးခဲ့တဲ့ အမေရိကန်ရဲ့ အဓိကမဟာမိတ်တစ်ဦးဖြစ်တဲ့ ကနေဒါနိုင်ငံဟာလည်း အမေရိကန်ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေနဲ့ ဝေးကွာခဲ့ပြန်ပါတယ်။ ကနေဒါအနေနဲ့ Operation Caribbean လို့ခေါ်တဲ့ အမေရိကန် ကမ်းခြေစောင့်တပ်နဲ့ မိတ်ဖက်အဖြစ် ဆက်လက်ရှိနေဖို့ ရည်ရွယ်ပေမယ့် သူမျှဝေတဲ့ထောက်လှမ်းရေးသတင်းတွေကို အမေရိကန်အနေနဲ့ သံသယရှိတဲ့လှေတွေကို ပစ်မှတ်ထားပြီး လူသေစေလောက်တဲ့တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ အသုံးချမှာ မလိုလားဘူးဆိုတာ ဖော်ပြခဲ့ပြန် ပါတယ်။
ကိုလံဘီယာနိုင်ငံသမ္မတ ဂူစတာဗို ပီထရိုက ကာရစ်ဘီယံဒေသရှိ တိုက်ခိုက်မှုတွေ ရပ်တန့်တဲ့အထိ အမေရိကန်လုံခြုံရေးအေဂျင်စီတွေနဲ့ ထောက်လှမ်းရေးသတင်းမျှဝေတာကို ရပ်ဆိုင်းဖို့ အလားတူအမိန့်ပေးခဲ့တယ်လို့ နိုဝင်ဘာ ၁၁ ရက်မှာ ပြောကြားခဲ့ပြန်ပါတယ်။ လူမှုကွန်ရက် X ရှိ ပို့စ်တစ်ခုမှာဆိုရင်လည်း သူက “မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသည် ကာရစ်ဘီယံပြည်သူများ၏ လူ့အခွင့်အရေးအောက်တွင် ရှိရမည်” လို့ ဖော်ပြခဲ့ပါတယ်။
ဒါကြောင်လည်း အမေရိကန်အဖို့တော့ သူ့ရဲ့ ကာရစ်ဘီယံဒေသ တိုက်ခိုက်မှုတွေက အဓိကမဟာမိတ်တွေကို ဆုံးရှုံးစေရမှုနဲ့ ဦးစွာကြုံတွေ့နေစေတယ်လို့ ဆိုရမှာပါ။
Ref- CNN
