၁၂.၁၁.၂၀၂၅
Written by Hey Mar
အရက်မူးပြီးလဲကျနေတယ်လို့ယူဆရတဲ့ သူတစ်ဦးကို ခွေးတွေ ဝိုင်းစားနေတဲ့ အခြေအနေနဲ့ သေဆုံးလျက်တွေ့ရှိရတဲ့ဖြစ်စဉ် မနေ့က နိုဝင်ဘာ ၁၁ ရက်နေ့ မနက်အစောပိုင်းက မွန်ပြည်နယ်၊ သထုံမြို့၊ လေယာဉ်ကွင်းဟောင်းအနီးမှာ တွေ့ရှိကောက်ယူခဲ့ရတယ်လို့ သထုံအခြေစိုက် အကြင်နာတွဲလက် လူမှုကူညီရေး အဖွဲ့ထံကနေ သိရပါတယ်။
အဆိုပါ ရုပ်အလောင်း တွေ့ရှိတာက လေယာဉ် ကွင်းဟောင်းအနီး နေမိန္ဒရကုန်းအတက်လမ်းမှာ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန်က တွေ့ရှိတာဖြစ်ပြီး ဘယ်ဘက်ပေါင်ကို ခွေးတွေက ကိုက်စားထားလို့ ဂလိုင်ပေါက် ဖြစ်လျက်သွေးတွေလည်းထွက်နေတယ်လို့ အသင်းက ဆိုပါတယ်။

သေဆုံးသူက ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာကို လိုက်လံ စုံစမ်းမေးမြန်းတဲ့အခါ သေဆုံးသူကသထုံမြို့နန်းခဲကွက်သစ်(၂)လမ်းနေ အသက်(၄၅ ) နှစ်ရှိသူဖြစ်ကြောင်း သိခဲ့ရပြီး သူက အရက်သောက်တာများပြီး နေအိမ်ဆီ ပြန်လာခြင်းမရှိဘဲ ပျောက်ဆုံးနေတာ ၂ ရက်မြောက်နေ့ရှိနေပြီလို့ မိသားစုဝင်တွေက ဆိုပါတယ်။
အကြင်နာတွဲလက် လူမှု ကူညီရေးအသင်း တာဝန်ရှိသူက “သူ့အိမ်ကတော့ သူပျောက်တာ နှစ်ရက်ရှိပြီ ပြောပါတယ်။ သူက အရက်သောက်ပြီးရင် အိမ်ကို မေ့သွားတတ်တယ်တဲ့။ ပြန်မလာလို့ အရင်ကလည်း ဒီလိုပဲ ခဏခဏ လိုက်ရှာကြဖူးတယ်လို့ ပြောတယ်။ ကျွန်တော်တို့အလောင်းတွေ့ချိန် အလောင်းက သေတာကြာသေးပုံ မရဘူး။ ပျော့ပျော့ပြောင်းပြောင်းပဲ။ သေဆုံးတာ မနက် နှစ်နာရီ သုံးနာရီဝန်းကျင်လောက်လို့ ခန့်မှန်းရတယ်။ ပြင်ပဒဏ်ရာက ခွေးကိုက်ထားတာပဲ ရှိတယ်။ ခေါင်း နောက်စေ့က အဖုတွေ့တယ် ကျန်တာမတွေ့ရဘူး” လို့ MT News ကို ပြောပါတယ်။
သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာက ဓမ္မတာအတိုင်းသေဆုံးတာဟုတ်မဟုတ် ရင်ခွဲစစ်ဆေးနိုင်ဖို့ အသင်းပိုင်ယာဉ်နဲ့ သထုံဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ပြီး အခု နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက ဆေးရုံကနေတစ်ဆင့် ကျောက်တန်းသုသာန်ဆီထပ်မံပို့ဆောင်ကာ မီးသင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
