၁၆.၂.၂၀၂၄
Written By Thandar

မင်းသားအောင်မင်းခန့်ကတော့ ကုထုံးမဲ့ချစ်ခြင်းဇာတ်လမ်းမှာ စိတ်နှစ်ခွဇာတ်ရုပ်ကို အရမ်းရင်ခုန်ပြီး လက်ခံခဲ့တယ်လို့ ရင်ဖွင့်လာပါတယ်။

“ကျွန်တော် ဒီကားလေးစရိုက်ဖို့ ကမ်းလှမ်းခံရတဲ့နေ့ကစပြီး အရမ်းရင်ခုန်ခဲ့တယ်။ ငါလုပ်နိုင်ပါ့မလား။ ငါရအောင်ကြိုးစားမယ်ပေါ့။ ကိုယ်က စိတ်နှစ်ခွကြား တစ်ခါမှမလုပ်ဖူးတဲ့ဇာတ်ရုပ်ကို စိတ်ရောကိုယ်ရောနှစ်ပြီး ကိုယ်စွမ်းရှိသလောက်ကြိုး စားခဲ့ပါတယ်။ အပြင်လောကမှာ ခက်မာန်ရဲ့ ခက်ထန်မှုမျိုးတွေနဲ့ဘယ်အမျိုးသမီးမှ မကြုံတွေ့ပါစေနဲ့လို့ ဆုတောင်းပါတယ်။ လက်ရှိအချိန်မှာ ချစ်ရင်း မုန်းရင်း အားပေးနေတဲ့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ သရုပ်ဆောင် အောင်မင်းခန့်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ လက်ရှိ Mahar Application က ပြသနေတဲ့ ပရိသတ်တွေကြားထဲမှာ ဒေါက်တာခက်မာန်အနေနဲ့ မုန်းစရာကောင်းလောက်အောင် သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။ အိမ်ထောင်ရေး ဒရာမာဇာတ်လမ်းပုံစံကို ဇာတ် လမ်းနဲ့ ဇာတ်ညွှန်း ဟေမာန်ဟိဏ်းနဲ့ ရည်မွန်ထက် (Story Farn)က ရေးသားပြီးတော့ ဒါရိုက်တာ သားကြီးက သရုပ်ဆောင်အနေနဲ့ အောင်မင်းခန့်၊ တေဇလင်းရောင်၊ ရတနာဗို၊ မေမီကျော်ကျော်၊ စနိုးကြည်ဖြူ၊ ဖြူသဲဦး၊ အကယ်ဒမီ ဇော်ဦး စတဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူး ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“အောင်မြင်ကျော်ကြားတဲ့ ဆရာဝန်ခက်မာန်က ဒီလောကမှာ ကျွန်တော်ချစ်တဲ့ ဒဏ်ကိုခံနိုင်တဲ့သူက သက်ထားစံ (ခ)ရတနာဗို ဆိုတဲ့ မိန်းမတစ်ယောက်တည်းရှိတယ်။ ဒီမိန်းမကလွဲပြီး ကျန်တဲ့လူတွေက ကျွန်တော့်အတွက် အမှုန်အမွှားသပ်သပ်ပုံစံပေါ့။ ဒါပေမယ့် နောက်ဆက်တွဲမှာ မထင်မှတ်ထားလောက်အောင် ဆန်းကြယ်မှုတွေကို မြင်တွေ့ရမှာပါ”လို့ သူက ဆက်ပြောပါတယ်။

ကုထုံးမဲ့ချစ်ခြင်း ဇာတ်လမ်းတွဲက “အချစ်မသိ အမုန်းမရှိ” ဇာတ်ဝင်တေး Theme Song ကိုတော့ တေးရေး တေးဆို ခိုင်နိုး ရေးသားပြီး တေးသံရှင် ဆုလှိုင်နဲ့အတူ စုံတွဲသီဆိုပေးထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *