၁၆. ၂. ၂၀၂၄
Written by Naing Thuta

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကံကြီးကုန်းရပ်တွင် ယနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၀ လုံး မီးထဲပါသွားကြောင်း မြို့နေပြည်သူများထံမှ ကနေဦး သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ ကံကြီးကုန်းရပ်(ဒေသအခေါ်)၊ ၅၁ လမ်းနှင့် ၁၂၄ လမ်းအနီးတွင် ယနေ့ (ဖေဖော်ဝါရီလ ၁၆ ရက်နေ့) မနက် ၁၀ နာရီ ၁၄ မိနစ်က မီးလောင်မှုဖြစ်ပွားသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များ level (1)ယာဉ်အုပ်စုယာဉ်ဖြင့် ထွက်ခွာ၍ ရပ်ကွက်နေပြည်သူများနှင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည့်အတွက်  မနက် ၁၀ နာရီ ၃၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ ၃၆ မိနစ်တွင် မီးလုံးဝငြိမ်းသွားကြောင်း ပြည်ကြီးတံခွန်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

“အဲ့ဒီမီးလောင်တဲ့ ကံကြီးကုန်းက လူနေအိမ်ခြေတွေ အရမ်းစိပ်တော့ မီးလောင်တာ ခဏလေးနဲ့ လူနေအိမ်တွေ အများကြီးမီးထဲပါသွားတာ။ မီးလောင်တာ စသိချိန်မှာ ရပ်ကွက်နေပြည်သူတွေက စတင်ဝိုင်းငြှိမ်းနေချိန် မီးသတ်ကားတွေ ချက်ချင်းရောက်လာကြတာပါ။ လူအထိအခိုက်တော့ မကြားမိသေးဘူး။ ဘယ်ကစလောင်တာလဲဆိုတာ မီးသတ်တွေ စစ်ဆေးနေတုန်းပဲ။ မီးတောက်က တော်တော်ကြီးတယ်”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက MT News သတင်းဌာနသို့ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် လူနေအိမ် ၁၀ လုံး မီးလောင်သည့်အထဲ ပါသွားပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုး၊ လူထိခိုက်မှုအ‌ခြေအနေများကို မီးသတ်တပ်ဖွဲ့မှ ရှာဖွေတွက်ချက်လျှက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *