၃. ၁၂. ၂၀၂၂
Written by Phyo Wei

လက်ရှိမြန်မာ့စီးပွားရေးဟာ ကောင်းမွန်နေသလားလို့ မေးလာမယ်ဆိုရင်တော့ ကိုယ့်အလုပ်ကိုယ် ပုံမှန်လုပ်တဲ့သူတွေကို တိုက်ခိုက်ဖျက်ဆီးနေတာကြောင့် စီးပွားရေးကဏ္ဍတစ်ခုလုံး ရပ်ဆိုင်းခဲ့ရတဲ့ ၂၀၂၁ ခုနှစ်ထက်စာရင် တိုးတက်လာပြီလို့ ပြောရမှာဖြစ်ပေမဲ့ လုပ်ငန်းကဏ္ဍအသီးသီးဟာ ပုံမှန်လည်ပတ်နိုင်မှုမရှိဘဲ တုံ့ဆိုင်းနေတယ်လို့ ပြောရမှာပါ။ ဒီလိုအချိန်မှာပဲ ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် အလုပ်ထွက်ကြ၊ ကျောင်းမတက်ကြတဲ့သူတွေကလည်း လမ်းဘေးမှာ စျေးရောင်းစားကြရပြီး စားဝတ်နေရေးအကျပ်အတည်းကို ဖြေရှင်းကြရတယ်လို့ ပြောရမှာပါ။ ဒီတစ်ပတ်မှာဆိုရင် စိတ်မကောင်းစရာက မန္တလေးမှာ လမ်းဘေးစျေးသည်တွေကို ရှင်းလင်းပြီး စျေးရောင်းခွင့်မပြုတော့ဘူးဆိုတဲ့ သတင်းပါ။ တကယ်တော့ ခက်ခဲကျပ်တည်းနေတဲ့ ဒီကာလကြီးမှာ လမ်းဘေးစျေးမရောင်းရဘူးလို့ လုပ်ချလိုက်တာထက် အချိန်တစ်ခုသတ်မှတ်ပြီး စည်းကမ်းတကျရောင်းချစေရေး ကြပ်မတ်ရမှာပါ။

ဒါပေမဲ့ လမ်းဘေးစျေးမရောင်းရဘူးလို့ ယတိပြတ်ကန့်သတ်လိုက်လို့ အဆင်မပြေမှုတွေ ဖြစ်ခဲ့တဲ့ ဒီရက်သတ္တပတ်အတွက်တော့ ကျဆင်းလာတယ်လို့ စစ်တမ်းထုတ်ခံရတဲ့ မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍအကြောင်း၊ ဒေါ်လာအရေးကြပ်မတ်မှုမှာ အခွင့်ထူးရခဲ့တဲ့ FDI ဆန်ကုမ္ပဏီလေးခုအကြောင်းနဲ့ PDF တွေက တာဝါတိုင်တွေကို တိုက်ခိုက်ဖျက်ဆီးမှုကြားက နိုးထရမဲ့ လျှပ်စစ်ကဏ္ဍတွေအကြောင်းကို သုံးသပ်တင်ပြချင်ပါတယ်။

ကျဆင်းလာတဲ့ မြန်မာ့ကုန်ထုတ်လုပ်မှု

မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကျဆင်းမှုနက်ရှိုင်းလာခဲ့ပြီး ထုတ်လုပ်မှု စွမ်းဆောင်ရည် ဆိုးဝါးနေတာကို အချက်ပြနေတယ်လို့ ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်တဲ့ S&P Global မြန်မာထုတ်လုပ်မှု (PMI) စစ်တမ်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။

“နောက်ဆုံး PMI ဒေတာက မြန်မာထုတ်လုပ်ရေးကဏ္ဍရဲ့ ဆိုးဝါးလာနေခြင်းကို အချက်ပြနေပါတယ်။ ဖောက်သည်များရဲ့ ဝယ်လိုအားပျော့နေခြင်းက အော်ဒါများနဲ့ ထုတ်လုပ်မှုကို ကန့်သတ်နေချိန်မှာ ကုန်ကြမ်းရှားပါးမှုများနဲ့ လျှပ်စစ်ပြတ်တောက်မှုများကဲ့သို့သော စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရရာ ကုမ္ပဏီများမှာ ထုတ်လုပ်မှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရုန်းကန်နေရပါတယ်” လို့ S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောပါတယ်။

မြန်မာနိုင်ငံက ထုတ်လုပ်ရေးမန်နေဂျာ ၄၀၀ ဆီက ကောက်ခံထားတဲ့ သုတေသနအရ ထုတ်လုပ်မှုကဏ္ဍ တစ်ရပ်လုံးရဲ့ စွမ်းဆောင်နိုင်ရည် ကျဆင်းလာခဲ့တာကြောင့် ပါဝင်ထုတ်လုပ်သူတွေရဲ့ ယုံကြည်မှုက အားနည်းခဲ့သလို ကုန်ကြမ်းရှားပါးမှု၊ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ကျပ်ငွေကျဆင်းလာမှုက မျှော်လင့်ချက်တွေအပေါ် ဖိစီးနေပြီး ပါဝင်ဖြေဆိုသူတွေရဲ့ သုံးရာခိုင်နှုန်းကပဲ လာမဲ့ ၁၂ လအတွင်း ထုတ်လုပ်မှုကို တိုးချဲ့နိုင်ဖို့ မျှော်လင့်တယ်လို့ စစ်တမ်းက ဆိုပါတယ်။

“နိုင်ငံရေးနောက်ခံအခြေအနေ တင်းမာလျက်ရှိနေချိန်မှာ ထုတ်လုပ်ရေးကုမ္ပဏီများရဲ့ အနာဂတ်အလား အလာများမှာ မှောင်မိုက်နေပါတယ်” လို့ Maryam Baluch က ဆက်ပြောပါတယ်။

မှန်ပါတယ်။ နိုင်ငံရေးအကျပ်အတည်းကို စီးပွားရေးနဲ့ ရောချပြီး ပိတ်ဆို့မှုတွေဖြစ်အောင်၊ FATF မှာ အမည်ပျက်စာရင်းဝင်ပြီး လုပ်ငန်းရှင်တွေ အကျပ်တွေ့အောင်၊ ပုံမှန်အလုပ်လုပ်ရင် ဒလန်ဆိုပြီး သတ်ဖြတ်ခံရအောင်၊ FDI မဝင်လာအောင်၊ ရှိပြီးသား FDI တွေ ပြန်ထွက်အောင် လုပ်နေတဲ့နိုင်ငံမှာ ထုတ်လုပ်မှုတင်မက ကဏ္ဍအသီးသီးကလည်း ဆက်လက်မှောင်မိုက်နေဦးမှာဖြစ်ပါတယ်။

အခွင့်ထူးရခဲ့တဲ့ FDI ဆန်ကုမ္ပဏီလေးခု

နိုင်ငံသားပိုင်ကုမ္ပဏီတွေဟာ ပြည်ပကုန်သွယ်မှုကရရှိလာတဲ့ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်သတ်မှတ်စျေးအတိုင်း ရောင်းချခဲ့ရချိန်မှာ FDI ဆန်ကုမ္ပဏီလေးခုကတော့ အဲဒီအဖြစ်က ကင်းလွတ်ခွင့်ရခဲ့တာကြောင့် တစ်ဒေါ်လာကို ကျပ် ၈၀၀ မှ ၁၅၀၀ အကြား အသာစီးရပြီး ပြည်တွင်းမှာ စပါးဝယ်ယူချိန်မှာ ပြည်တွင်းစပါးဈေးကွက်ကို လွှမ်းမိုးချုပ်ကိုင်သွားတယ်လို့ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း၊ အမှုဆောင်တစ်ဦးက MT News ကို ပြောလာပါတယ်။

“အဲ့ဒီတုန်းကတော့ သူတို့ပေးတဲ့ဈေးကို မပေးနိုင်ဘူး။ သူတို့က အပြင်ဈေးနဲ့ ၆၅ ရာခိုင်နှုန်းအားသာနေတာ။ ဘယ်လိုလုပ်လုပ် သူတို့မြတ်နေတာ။ အလိုလိုနေရင်းကို မြတ်နေတော့ ဈေးပိုပေးတယ်။ ဈေးကွက်ကိုဖျက်ခဲ့တာ” လို့ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း၊ အမှုဆောင်တစ်ဦးက MT News ကို ပြောပါတယ်။

ပြည်တွင်းကုမ္ပဏီတွေက တစ်ဒေါ်လာ ၁၈၅၀၊ ၂၁၀၀ နဲ့ ပြန်ရောင်းနေရချိန်မှာ FDI ကုမ္ပဏီတွေက နိုင်ငံခြားကုန်သွယ်မှုစီးဆင်းငွေကြေးအပြည့်အဝရခဲ့တာကြောင့် ပြည်တွင်းစပါးဈေးကွက် မတည်ငြိမ်မှုတွေဖြစ်ပေါ်ခဲ့ပြီး နယ်မြေအလိုက် စပါးဈေးကစားမှုများဖြစ်ပေါ်ခဲ့သလို ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်မှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိနိမှာတော့ ဒီအခွင့်ထူးခံမှုက ရပ်တန့်သွားပြီဆိုပေမဲ့ ပေါ်ဆန်းတစ်အိတ် ကျပ် ၆၅၀၀၀ လောက်ကနေ ကျပ် တစ်သိန်းလောက်အထိ ဖြစ်သွားတဲ့ ဆန်စျေးကွက်ကတော့ စျေးနှုန်း ပြန်လည်ကျဆင်းလာမှု မရှိတော့တာလည်း တွေ့ရပါတယ်။

တိုက်ခိုက်ဖျက်ဆီးမှုကြားက နိုးထရမဲ့ လျှပ်စစ်ကဏ္ဍ

လက်ရှိအချိန်မှာ အကြမ်းဖက်ဖျက်ဆီးခံရမှုအများဆုံးနဲ့ ပြည်သူလူထုအထိခိုက်ဆုံးကဏ္ဍကို ပြောရမယ်ဆိုရင် လျှပ်စစ်ကဏ္ဍလို့ ပြောရမှာပါ။ လျှပ်စစ်တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် နိုင်ငံတော်ကလည်း ကျပ်ဘီလျံ ၅၀ လောက် ဆုံးရှုံးထားသလို လျှပ်စစ်ဝန်ထမ်း ၁၉ ဦးလည်း သတ်ဖြတ်ခံထားရပါသေးတယ်။ ဒါ့အပြင်လည်း ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ တာဝါတိုင်တွေက အစိတ်အပိုင်းတွေကို လက်လုပ်ဗုံးတွေ၊ လက်လုပ်သေနတ်တွေမှာသုံးစွဲတာကြောင့်မို့လို့လည်း နိုင်ငံနဲ့ ပြည်သူက နာပြီးရင်း နာရပြန်ပါတယ်။

တစ်ခါ နဂိုကမှ မြန်မာနိုင်ငံဟာ နိုင်ငံ့ရဲ့ ၅၁ ရာခိုင်နှုန်းလောက်ပဲ မီးအားရရှိနေသလို တချို့လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအတွက် အခကြေးငွေကို လျှပ်စစ် ကုမ္ပဏီတွေဆီ ပေးချေနေရချိန်မှာ မီတာခတွေလည်း မဆောင်ကြလို့ ကဏ္ဍစုံတိုက်ခိုက်ခံရမှုအောက်မှာ မီးမှန်မှန်မလာနိုင်တော့တဲ့အခြေအနေကို ဆိုက်ရောက်လာပြီး လုပ်ငန်းကဏ္ဍအားလုံး ထိခိုက်လာပါတော့တယ်။

လက်ရှိအချိန်မှာတော့ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေတိုးတက်လာဖို့အတွက် ရုရှား၊ ဂျပန်စတဲ့ နိုင်ငံတွေနဲ့ ဆွေးနွေးနေကြသလို စက်တင်ဘာနဲ့ အောက်တိုဘာနှစ်လအတွင်းမှာလည်း လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁၄ သန်းကျော် တိုးတက်လာတာကို တွေ့ရပါတယ်။

တကယ်တော့ မြန်မာ့လျှပ်စစ်ကဏ္ဍမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့အကြိုးစားသင့်ဆုံးက ဂျပန်နိုင်ငံလို့ပဲ ပြောရမှာပါ။ ဘာကြောင့်လဲဆိုရင်တော့ မြန်မာ့အရေးမှာ ဝင်ရောက်ခြယ်လှယ်ပြီး ပဋိပက္ခတွေ မဖြစ်ဖြစ်အောင် လောင်စာထိုးနေတဲ့ အမေရိကန်ရဲ့ မိတ်ဖက် ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနေရာတွေဆိုရင် ဘယ်လက်နက်ကိုင်ကမှ မထိရဲတာကြောင့်ပါ။ ဥပမာအားဖြင့် မြန်မာနိုင်ငံက စက်မှုဇုန်အားလုံးမှာ မီးရှို့ဖျက်ဆီးလုယက်မှုတွေဖြစ်ပေမဲ့ ဂျပန်က ရင်းနှီးမြှုပ်နှံထားတဲ့ သီလဝါဇုန်မှာတော့ တော်လှန်ရေးပဋိပက္ခမြင့်တက်ချိန်မှာတောင် ဆန္ဒပြ မီးရှို့ဖျက်ဆီးလုယက်မှုတွေ မဖြစ်ခဲ့လို့ပါ။

ဂျပန်နိုင်ငံမြှုပ်နှံထားတဲ့ သီလဝါစက်မှုဇုန်မှာ ဆူပူအကြမ်းဖက်မှုဖြစ်အောင် သွေးထိုးလိုက်တာနဲ့ အမေရိကန်က သူထောက်ပံ့ထားတဲ့သူတွေကို “မင်းတို့က ငါ့လူရဲ့ စီးပွားရေးကို ဖျက်ဆီးတာလား” ဆိုပြီး ငြိုငြင်သွားတာနဲ့ ထောက်ပံ့မှုတွေ ထောက်ခံမှုတွေ ရပ်ဆိုင်းသွားမယ်ဆိုတာ ပြည်ပရောက်အဖွဲ့အစည်းတွေ သဘောပေါက်နေကြလို့ပါ။ ဒါကြောင့်လည်း မြန်မာ့လျှပ်စစ်ကဏ္ဍမှာ တိုက်ခိုက်ဖျက်ဆီးခံရမှုတွေ လျော့ကျပြီး ပြည်သူတွေ မီးမှန်မှန်ရဖို့ဆိုရင် ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို များများဖိတ်ခေါ်ပါလို့သာ အကြံပြုရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *