၁၂. ၂. ၂၀၂၄
Written by Ye Kyaw

လေကြောင်းလိုင်းခရီးစဉ်များအတွက် လေယာဉ်လက်မှတ်ဝယ်ယူရာတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ပါရှိမှသာ ရောင်းချပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးရုံးများက ခွင့်မပြုသည့် ခရီးသည်များအား လေယာဉ်စီးနင်းခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

“အဲဒါကို ကျွန်မတို့လည်း မေးနေတယ်။ ရုံးပိတ်ရက်ခံသွားတော့လေ။ အဲဒီထောက်ခံစာ ယူ၊ မယူကိုလေ။ အေဂျင်စီတွေကိုဆိုရင်တော့ မေးလ်ပို့အကြောင်းကြားမှုတွေ လုပ်ပေးသွားမှာပါ။ ကျွန်မတို့လည်း တစ်မနက်လုံး အဲဒီဖုန်းတွေပဲ ဖြေနေရတယ်ရှင့်။ ပိတ်ရက်လည်းဖြစ်တယ်။ အထက်ကလည်း ဘာမှလည်း ထွေထွေထူး ထူး ညွှန်ကြားထားတာတော့ မရှိဘူးပေါ့နော်။ မနက်ဖြန်တော့ ရုံးဖွင့်မှာဆိုတော့ အဲအချိန်ကျရင်တော့ တိတိကျ ကျသိရမယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ တာဝန်ရှိသူက ပြောသည်။

ထို့အတူ ခရီးသွားလုပ်ငန်းအေးဂျင်စီများနှင့်လက်မှတ် အရောင်းကိုယ်စားလှယ်များသို့ ဆက်သွယ်စုံစမ်းရာ တွင် ၎င်းတို့အနေဖြင့်လည်း သေချာမသိရှိရသေးဘဲသက်ဆိုင်ရာဌာနများသို့ ဆက်သွယ်မေးမြန်းမှုများ ဆောင်ရွက်နေပြီး လေယာဉ်လက်မှတ် ဝယ်ယူရာတွင် ထောက်ခံစာ လိုခြင်း၊ မလိုခြင်းကိုမူ သက်ဆိုင်ဌာနများကသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

“အဲဒါကြတော့ သက်ဆိုင်ရာရုံးဌာနကို မေးကြည့်မှပဲရမယ်။ အဲဒါ လို၊ မလိုကို သက်ဆိုင်ရာ ရုံးဌာနကိုပဲ သေချာလေးမေးပေးပါ” ဟု Oway Travel မှ တာဝန်ရှိသူက ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ထုတ်ပြန်ချက်အရ “ပြည်သူများ (ဝန်ထမ်းမဟုတ်သူ)မှ လေယာဉ်ဖြင့် ခရီးသွားလာရန် လေယာဉ်လက်မှတ်ဝယ်ယူပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိမှသာ ရောင်းချပေးရန်နှင့် E-Ticket ဖြင့် ဝယ်ယူပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူး၏ ထောက်ခံချက်အား လေဆိပ်သို့ ယူဆောင်လာစေရေး ဆောင်ရွက်ရန် ရည်ညွှန်းစာဖြင့် အကြောင်းကြားထားရှိလာပါသဖြင့် သိရှိလိုက်နာဆောင်ရွက်နိုင်ပါရန် အကြောင်းကြားပါသည်” ဟုဆိုကာ ပို့ဆောင်‌ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဖေဖော်ဝါရီ ၈ ရက် ရက်စွဲဖြင့် အကြောင်းကြားထားခြင်းဖြစ်သည်။

အလားတူ ဖေဖော်ဝါရီ ၁၁ ရက် နံနက် (၁၀း၃၀) နာရီအချိန်တွင် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးအား အောက်ပါအတိုင်း ပြန်လည်တင်ပြရမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ လိုက်ပါမည့်ခရီးသည်များအနေဖြင့် ခရီးသွားမည့်ရက် မတိုင်မီ လေကြောင်းလိုင်းဖြင့် စီးနင်းခွင့်လက်မှတ်အား ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ တင်ပြတောင်းခံရမည်ဖြစ်ပြီး ၎င်းရုံးမှ ခွင့်မပြုသည့် ခရီး သည်များအနေဖြင့် လေကြောင်းလိုင်းခရီးစဉ်ဖြင့် လိုက်ပါခွင့်ပြုတော့မည်မဟုတ်ကြောင်း ညွှန်ကြားထားကြောင်း MAI လေကြောင်းလိုင်း၏ အစည်းအဝေးမှတ်တမ်းအား ပေးပို့တင်ပြထားသည့် စာမှာလည်း လူမှု့ကွန်ရက်ပေါ်တွင် ပျံ့နှံ့နေခြင်းဖြစ်သည်။

MT News သတင်းဌာနအနေဖြင့် အဆိုပါ ညွှန်ကြားစာများပျံ့နှံ့နေမှုကို တာဝန်ရှိသူအသီးသီးထံ ဆက်သွယ်အတည်ပြုမေးမြန်းထားပြီး ဖြေကြားလာသည်များကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *