April 27, 2024

MT News

Written by Nay Moe

KIO/KIA နှင့် NUG ဦးဆောင်သောဒေသတွင်း PDF တို့က ရှမ်းနီလူမျိုးများအား လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု ကျူးလွန်ခြင်းအပေါ်  ပြည်တွင်းပြည်ပရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံတကာရှိ လူသားချင်းစာနာအဖွဲ့အစည်းများ၊ လူ့အခွင့်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ လူမျိုးအသီးသီးရှိ အဖွဲ့အစည်းအသီးသီးတို့အား ၎င်းတို့ကျူးလွန်နေမှုများအပေါ် အချိန်မီတားဆီး၊ ကာကွယ်ဟန့်တား ၊ ဖယ်ရှား၊ ဖျက်သိမ်းပေးနိုင်ရန် လေးစားစွာဖြင့် (လေးလေးနက်နက်) အသိပေး ပန်ကြားအပ်ပါကြောင်း ရှမ်းနီအမျိုးသားများတပ်မတော်(SNA) က စက်တင်ဘာ ၂၁ ရက် ရက်စွဲဖြင့် တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်၍ လူမျိုးတစ်မျိုးမှ အခြားလူမျိုး တစ်မျိုးအား အဓမ္မ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အနိုင်အထက်ပြုစော်ကားခြင်း၊ ကာမအဓမ္မပြုကျင့်ခြင်း၊ အဓမ္မစေခိုင်းခြင်း ၊ အဓမ္မအခွန် ကောက်ခြင်းတိုအပြင် လူမျိုးတစ်ခုလုံး မျိုးသုန်းပျောက်ကွယ်စေလိုသောဆန္ဒဖြင့် လက်စတုန်း ရှင်းလင်းရန် စီမံချက်ကို နည်းလမ်းပေါင်းစုံဖြင့် ကျူးလွန်ခဲ့မှုများရှိခဲ့သည်။ အဆိုပါ အခြေအနေကို ရှမ်းနီအမျိုးသားများဒေသတွင် လွန်ခဲ့သောနှစ် ၆၀ ကျော်မှစ၍ အတူနေတိုင်းရင်းသားလက်နက်ကိုင်များမှ ကျူးလွန်ခြင်းကို ရင်ဆိုင်ခဲ့ရပြီး ယခုတွင် ပိုမိုအရှိန်မြှင့်တင် လုပ်ဆောင် နေသည်။ အဆိုပါ လူမျိုးတုံးပျောက်ကွယ်စေရေးစီမံချက်( The Eradication of Ethnic Minorities Project ) ကို ၁၉၆၀/၆၁ ခုနှစ် KIA/KIO လက်နက်ကိုင် အဖွဲအစည်း စတင်ပေါ်ပေါက်ချိန်မှစ၍ မူလဒေသတွင်းနေ ရှမ်းနီအမျိုးသားပြည်သူလူထုများအား (Committing Genocide) လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းများကို နည်းလမ်း မျိုးစုံဖြင့် ကျူးလွန်ခဲ့ကြသည်။

လက်ရှိအချိန်တွင် KIA/KIO တို့သည် ဒေသတွင်း PDF များကို မွေးမြူ၊ လေ့ကျင့် ထောက်ပံ့ကာ NUG ၏ သဘောတူညီမှုဖြင့် ရှမ်းနီအမျိုးသားများအား လူမျိုးတုံးသတ်ဖြတ်ရေးစီမံချက်ကို ပိုမိုအရှိန်မြှင့်တင် ကျူးလွန်လျက်ရှိနေသည်။ ကချင်ပြည်နယ်ရှိ ရှမ်းနီအမျိုးသားဒေသများ၊ စစ်ကိုင်းတိုင်းအတွင်းရှိ ရှမ်းနီအမျိုးသားဒေသများမှ ရှမ်းနီပြည်သူလူထုများမှာ KIO/KIA တို့၏ လူသားမျိုးနွယ် ပျက်သုန်းစေလိုသော ရည်ရွယ်ချက်ဖြင့် လူမဆန်သော အဓမ္မသတ်ဖြတ်ခြင်း၊ အဓမ္မနှိပ်စက်ညှင်းပမ်းခြင်း၊ အဓမ္မစေခိုင်းခြင်း၊ အဓမ္မအခွန်ပေးဆောင်စေခြင်း၊ အဓမ္မစစ်သားစေခိုင်းခြင်းများနှင့် ရင်ဆိုင်နေရကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

ယခုအခါ စစ်ကိုင်းတိုင်းအတွင်းရှိ ရှမ်းနီကျေးရွာအချို့အား တိုက်ခိုက်သိမ်းပိုက်ထားပြီး လူအခွင့်အရေး ချိုးဖောက်လျက် ဒေသခံများအားရက်စက်စွာ သတ်ဖြတ်ခြင်း လူငယ်များအား အဓမ္မစစ်သား ခိုင်းစေခြင်းများကို ကျူးလွန်နေသည်။ ထို့ပြင် KIA နှင့် PDF တို့အား ၂၁.၉.၂၀၂၂ ရက်တွင် ရှေ့တန်းစစ်မျက်နှာ၌ KIO/KIA အထက်အရာရှိမှ ညွှန်ကြားစေခိုင်းသော အမိန့်ပေးစကားများတွင် (ရှမ်းနီ လူမျိုး ကလေး၊ လူကြီးပါမကျန်၊ ဘာသာရေး သာသနာရေးမပါမကျန် အကုန်သတ်ဖြတ်ရှင်းလင်းပစ်ရန်) အမိန့်ပေး စေခိုင်းသည့်ညွှန်ကြားချက်အား (ကချင်ဘာသာဖြင့်) အချက်အလက်များကို ဖမ်းယူရရှိခဲ့သည်။

အဆိုပါ တုန်လှုပ်ခြောက်ခြားဖွယ် အမိန့်ပေးသတင်းသည် ရှမ်းနီပြည်သူလူထု၏ အသက်အိုးအိမ်နှင့်အတူ လူမျိုးသုန်းပျောက်ကွယ်မှု အန္တရာယ်ကို ပိုမိုထင်ရှားစွာ ကြုံတွေ့နေရသည်။ အဆိုပါ လူသတ် အမိန့်ပေး သတင်း များနှင့်အတူ လူမျိုးတုံးသတ်ဖြတ်မှုများကို နှစ်ပေါင်းများစွာ ခါးသီးစွာခံစားကြရသော ရှမ်းနီအမျိုးသား ပြည်သူလူထုအပေါင်း၏ ရင်နင့်ဖွယ် အဖြစ်ဆိုးများအား မြန်မာနိုင်ငံသားများ၊ ကမ္ဘာ့နိုင်ငံသားများ၊ လူသားမျိုးနွယ်များအားလုံး ကြားသိစေရန် သတိပေးအပ်ပါသည် ဟု ဖော်ပြထားသည်။

အဆိုပါ KIO/KIA နှင့် NUG ဦးဆောင်သောဒေသတွင်း PDF တို့သည် ရှမ်းနီလူမျိုးများအား လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု ကျူးလွန်ခြင်းအပေါ် ပြည်တွင်းပြည်ပရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံတကာရှိ လူသားချင်းစာနာအဖွဲ့အစည်းများက ၎င်းတို့ကျူးလွန်နေမှုများအပေါ် အချိန်မီ တားဆီး၊ ကာကွယ်ဟန့်တား၊ ဖယ်ရှား၊ ဖျက်သိမ်းပေးနိုင်ရန် လေးစားစွာဖြင့် (လေးလေးနက်နက်) အသိပေး ပန်ကြားအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIO/KIA နှင့် PDF များအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များ သမဂ္ဂ (ဗဟို) အလုပ်အမှုဆောင်၊ (ဘဏ္ဍာတော်ထိန်း) နောင်ပတ် ဆရာတော် ဦးဂန္ဓမာ (ရှမ်းနီဦးပဇ္ဇင်း) အား စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ နောင်ပတ်ရွာ၌ ၄.၉.၂၀၂၂ ရက်တွင် လက်နက်ဖြင့် ခြိမ်းခြောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး ထိုနေ့တွင်ပင် ရက်စက်စွာသတ်ဖြတ်ခဲ့သည်။ ထို့အပြင် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု နာယကဦးစိုင်းသန်းဖေ၊ ရှမ်းနီစာပေဆရာ စိုင်းရေကျော်တိုအား မတရားဖမ်းဆီး သတ်ဖြတ်မှုတို့ကိုလည်း ကျုးလွန်ခဲ့ကြောင်း SNA က ထုတ်ပြန်ထားပြီး KIO/KIA နှင့် NUG-PDF တို့ကမူ ငြင်းဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *