April 28, 2024

MT News

Written by Tha Doe

ကာတာနိုင်ငံပိုင် Ooredoo Myanmar ကို ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချမှု မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တရားဝင် တင်ပြထားမှုမရှိသေးကြောင်း သိရသည်။

”Ooredoo နဲ့ ပတ်သက်ပြီး မြန်မာပိုင်ကုမ္ပဏီ စင်ကာပူကနေ ဒေါ်လာ ၅၇၆ သန်းနဲ့ ဝယ်ယူတဲ့ကိစ္စကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တရားဝင်တင်ပြထားခြင်း မရှိသေးပါဘူး။ ပြည်ပကနေ လာရောက်မြှုပ်နှံတယ်ဆိုရင်တော့ ဒီအထဲကို Cash in ဝင်မှာဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို အားပေးပါတယ်” SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အော်ရီဒူးမြန်မာဆက်သွယ်ရေးကုမ္ပဏီအား Nine Communications Pte သို့ ဒေါ်လာ ၅၇၆ သန်းဖြင့် လွှဲအပ်ရောင်းချလိုက်ပြီဖြစ်ကြောင်း Ooredoo Group က စက်တင်ဘာ ၈ ရက်တွင် တရားဝင်သတင်းထုတ်ပြန်ထားသည်။

တယ်လီကွန်းနယ်ပယ်တွင် နှစ် ၄၀ ကျော် အတွေ့အကြုံရှိသည့် ဦးဉာဏ်ဝင်းနှင့် Link Family Office တို့ ပိုင်ဆိုင်သည့် စင်ကာပူ SPV ကုမ္ပဏီ Nine Communication က အပြီးသတ်ဝယ်ယူခဲ့ပြီး လုပ်ငန်းတန်ဖိုး ဒေါ်လာ ၅၇၆ သန်း၊ အစုရှယ်ယာတန်ဖိုး ဒေါ်လာ ၁၆၂ သန်းနှင့် အတူ အရောင်းအဝယ်ဖြစ်မြောက်မှုသည် မြန်မာ့စည်းမျည်းစည်းကမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရောင်းချမှုအပေါ် Ooredoo Group ၏ CEO နှင့် MD ဖြစ်သူ Aziz Aluthman Fakhroo က Ooredoo Group အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းစုကို နှုတ်ထွက်ရန် ခက်ခဲသော ဆုံးဖြတ်ချက် ချမှတ်ခဲ့ရကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သော Mytel၊ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သော MPT၊ နော်ဝေနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော Telenor၊ ကာတာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော Ooredoo စသော တယ်လီကွန်းကုမ္ပဏီလေးခုရှိသည်။ ၂၀၂၁ ခုနှစ် အာဏာထိန်းဖြစ်စဥ်အပြီး ပြည်ပနိုင်ငံများ၏ ဖိအားပေးမှုကြောင့် တယ်လီနောကုမ္ပဏီအား ၂၀၂၂ မတ်လတွင် လက်ဘနွန်အခြေစိုက် M1 Group ထံ အပြီးသတ် လက်လွှဲရောင်းချပြီးနောက် Atom ဟု အမည်ပြောင်းလဲခဲ့မှုဖြစ်စဥ် ဖြစ်ပွားခဲ့သည်။ ထိုနောက် Ooredoo ကိုလည်း မြန်မာလူမျိုး စီးပွားရေးလုပ်ငန်းရှင်ပါဝင်သည့် Nine Communication Pte သို့ လက်လွှဲရောင်းချခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News