MT News

Written by Naing Thuta

မန္တလေးမြို့တွင် စည်ပင်နယ်နိမိတ်အတွင်း ရောင်းချနေကြသော စျေးသည်များကို နိုဝင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းမှ စတင်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ လိုက်လံဖယ်ရှားခိုင်းနေကြောင်း စျေးသည်များထံမှ သိရသည်။

“ဆိုင်တွေခင်းပြီး ညနေစောင်းလောက်မှ ကား ၂ စီးနဲ့ စည်ပင်ကလူတွေနဲ့ ရဲတွေရောက်လာပြီး ဒီနေ့နောက်ဆုံးပဲ ရောင်းခွင့်ရမယ်လို့ ကြေညာသွားတယ်။ အစက ဒီနေ့ကတည်းက သိမ်းခိုင်းနေတာ။ စျေးသည်တွေကတောင်းပန်ကြလို့ ဒီနေ့တစ်ရက် ခွင့်ပြုပေးလိုက်တာ။ စည်ပင်နယ်နိတ်မိတ်အတွင်း လုံးဝရောင်းချခွင့်မပြုဘူးတဲ့။ နောက်နေ့ရောင်းတာတွေ့ရင် ဥပဒေအရအရေးယူခံရမယ်လို့ပြောသွားတယ်” ဟုစျေးသည်တစ်ဦးက နိုဝင်ဘာ ၂၈ ရက်နေ့က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၁၉ လမ်းပေါ်ရှိ စည်ပင်သာယာရေးနိမိတ်အတွင်းရောင်းချနေကြသော စျေးသည်များကို ယမန်နေ့ညနေ ၄ နာရီကျော်က မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ဖယ်ရှားပေးရန် လိုက်လံကြေညာခဲ့ကြောင်း သိရသည်။

“မနက်က စျေးတွေသွားဝယ်ထားတာ သွားပါပြီ။ အဆင်ကမပြေတော့ ဒီနားလေးမှာ စျေးရောင်းနေတော့ စားဖို့သောက်ဖို့ နည်းနည်းရသေးတယ်။ အခုလိုမရောင်းရတော့ဘူးဆိုတော့ ဘာလုပ်စားရမှန်းမသိတော့ဘူး။ အသက်ကလည်းကြီးပြီဆိုတော့ ဒုက္ခတွေရောက်ကုန်ပါပြီ။ နောက်လ ၁၅ ရက်နေ့အထိ မရောင်းရဘူးလို့ ပြောသံကြားတာပဲ။ တကယ်ဆို မဆိုးပါဘူး လုံးဝမရောင်းရတာနဲ့စာရင်ပေါ့။ လူကြီးတွေလာမှာမို့ မရောင်းခိုင်းဘူးလည်းကြားတယ်။ အဲဒီသတင်း မှန်ပါစေလို့တော့ဆုတောင်းရမှာပဲ။ ဒီနားမှာ အဖွားရောင်းလာတာ ဆယ်စုနှစ်တစ်ခုလောက်ရှိနေပြီ” ဟု အသက်(၆၀)ကျော်အရွယ်စျေးသည်အမျိုးသမီးကြီးတစ်ဦးမှ MT News သို့ပြောသည်။

အဆိုပါစျေးသည်များသည် နေ့လည် ၂ နာရီခန့်မှစတင်ရောင်းချပြီး ညပိုင်း ၉ နာရီလောက်အထိရောင်းချနေကြခြင်းဖြစ်သည်။ နန်းရှေ့နှင့် ပုသိမ်ကြီးမြို့နယ်အတွင်း နေထိုင်နေကြသော ပြည်သူများသည် ရုံးဆင်းချိန်၊ အလုပ်ဆင်းချိန်တွင် ၎င်းစျေးတန်းမှ လိုအပ်သည်များ ဝယ်ယူလေ့ရှိသောကြောင့် နန်းရှေ့တစ်ကြောအတွင်း ထိုလမ်းသည်အစည်ကားဆုံးလမ်းတစ်လမ်းလည်းဖြစ်ကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းကလည်း အဆိုပါလမ်းပေါ်ရှိ နန်းတော်ရှေ့စျေးအနောက်ဘက်တွင် ပျံကျရောင်းချနေသော စျေးသည်များကိုလည်း လိုက်လံဖယ်ရှားသိမ်းဆည်းသွားကြောင်း သိရသည်။

မန္တလေးမြို့ပေါ်ရှိ အဓိကကျသောလမ်းမကြီးများတွင်ခင်းကျင်း ရောင်းချနေကြသော စည်ပင်သာယာရေးနယ်နိမိတ်နှင့်မလွတ်သည့်စျေးသည်များကို နောက်လမှစတင်၍ အကုန်ဖယ်ရှားပေးရမည်ဟုလည်း စုံစမ်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News