April 23, 2024

MT News

၃၀.၁၁. ၂၀၂၂

အိန္ဒိယနိုင်ငံသည် မဏိပူရပြည်နယ် အင်ဖာမြို့နှင့် မြန်မာနိုင်ငံ မန္တလေးမြို့တို့ကို နိုင်ငံတကာလေကြောင်း ပျံသန်းပြေးဆွဲမှုများ မကြာခင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း အိန္ဒိယလေကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးကထုတ်ဖော်ပြောဆိုလိုက်သည်။

အိန္ဒိယအစိုးရသည် အိန္ဒိယအရှေ့မြောက်အရပ်ရှိ နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုကောင်းမွန်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေရာ အင်ဖာမြို့နှင့် မန္တလေးမြို့တို့ကိုလေကြောင်း ပျံသန်းမှုပြုလုပ်မည့်အပြင် ထရီပူရာပြည်နယ် အာဂါတာလီ လေဆိပ်နှင့်ဘင်္ဂလားဒေရှ့်နိုင်ငံအကြား လေကြောင်းပျံသန်းမှုများ မကြာခင် ပျံသန်းပေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယဗဟိုအစိုးရ၏ UDAN အစီအစဉ်အစိတ်ပိုင်းအဖြစ် မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ထရီပူရာပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံကြား လေကြောင်းပျံသန်းပေးဆွဲရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း အိန္ဒိယအစိုးရတာဝန်ရှိသူတစ်ဦးကပြောသည်။

အိန္ဒိယ လေကြောင်းပို့ဆောင်ရေးဝန်ကြီး စင်ဒီယာက အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက်ခြမ်းရှိ နိုင်ငံနှစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေရှ့်၊ မြန်မာနိုင်ငံတို့ နှင့်လေကြောင်းပျံသန်းမှုများ မကြာခဏ ပြုလုပ်ရန်စီစဉ်နေကြောင်း၊ အင်ဖာမြို့မှ မန္တလေး၊ အာဂါတာလာမြို့မှ စစ်တကောင်းမြို့များသို့ လေကြောင်း တိုက်ရိုက်ပျံသန်းပြေးဆွဲမှုများက ဒေသတွင်းတွင် နိုင်ငံတကာလေကြောင်းချိတ်ဆက်ပျံသန်းမှုများ ပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း စင်ဒီယာက ဆိုသည်။

အိန္ဒိယနိုင်ငံရှိအကြီးဆုံး လေကြောင်းလိုင်းတစ်ခုဖြစ်သော IndiGo လေကြောင်းလိုင်းသည် ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံနှင့် လေကြောင်းတိုက်ရိုက်ပျံသန်းမှုများကို ဆိုင်းငံ့ခဲ့သော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် လေကြောင်းတိုက်ရိုက်ပျံသန်းရန် စီစဉ်ဆောင်ရွက်နေပြီး လာမည့်နှစ်မတ်လတွင် မြန်မာနိုင်ငံသို့ လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများက အိန္ဒိယအစိုးရကို မြန်မာနိုင်ငံနှင့် ဆက်ဆံရေး လျော့ချရန်နှင့် ပိတ်ဆို့မှုများချမှတ်ရန် ဖိအားပေးခဲ့သော်လည်း အိန္ဒိယအစိုးရကအနောက်အုပ်စု၏ ဖိအားများကို လက်မခံဘဲ မြန်မာနိုင်ငံနှင့်ပုံမှန်အတိုင်း ဆက်ဆံလျက်ရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *