MT News

Written by Thettant

KNU/KNLA တို့ ခြောက်လခန့် ထိန်းချုပ်ထားသည့် မြဝတီ-ဝေါလေ ကားလမ်းတစ်လျှောက်အား SAC က နိုဝင်ဘာ ၂၈ ရက်တွင် ပြန်လည်ထိန်းချုပ်ပြီးနောက် အဆိုပါကားလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများနေရပ်သို့ ပြန်လည်ဝင်ရောက်လာသည်ဟု SAC က ယမန်နေ့ညတွင် ​ကြေညာသည်။

ကြေညာချက်တွင် ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား KNU၊ KNLA မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့နှင့် PDF များက ၂၀၂၂ ခုနှစ် မေလမှ စတင်ထိန်းချုပ်၍ အဆိုပါဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက် နေထိုင်ကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်ဟု ဖော်ပြထားသည်။

အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၈ ရက်မှစ၍ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများအား ပြန်လည်နေထိုင်နိုင်ရေးအတွက် တယ်လီဖုန်းများဖြင့်လည်းကောင်း၊ အသံချဲ့စက်များဖြင့် မြန်မာဘာသာ၊ ကရင်ဘာသာ စကားများ ဖြင့်လည်းကောင်း ပြန်လည် ဖိတ်ခေါ်ခြင်းနှင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်သူများ အနက်မှ နိုဝင်ဘာ ၂၈ ရက်နှင့် နိုဝင်ဘာ ၂၉ ရက်နေ့ တို့တွင် သေဘောဘိုးကျေးရွာနှင့် ဘလက်တို ကျေးရွာများသို့ အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၅၆ ဦး၊ စုစုပေါင်း ၁၁၉ ဦး ပြန်လည်ရောက်ရှိလာသည်ဟု ဆိုသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက နေ့ညမပျက် ပြန်လည်ကြိုဆို၍ စနစ်တကျလက်ခံလျက်ရှိပြီး လိုအပ်သည်များကူညီ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *