၂၂. ၁. ၂၀၂၄
Written by Phyo Wei

သွင်းကုန်လုပ်ငန်းတွေ အဆင်ပြေစေဖို့ နိုင်ငံခြားငွေ ဈေးကွက်ထဲကို ဗဟိုဘဏ်က ဒေါ်လာ သုံးကြိမ်ရောင်းချပေးမှုက ဒေါ်လာ ၄၄ သန်းနီးပါး၊ စက်သုံးဆီကုမ္ပဏီတွေကို ဒေါ်လာနှစ်ကြိမ်ရောင်းပေးရာမှာ စုစုပေါင်း ဒေါ်လာ ၂၂ သန်းကျော် ရှိတဲ့အပြင် နိုင်ငံခြားငွေဈေးကွက်ထဲကို ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးခဲ့တဲ့ ဒီရက်သတ္တပတ်မှာပဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွက် ပြည်တွင်းမှာ ရောင်းချသင့်တဲ့ သင့်တင့်မျှတတဲ့ ဆန်‌ဈေးနှုန်း (Reasonable Market Price) တွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့ရာမှာ ‌ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ သတ်မှတ်ချက်ထက် ကျပ် ၄၅၀၀၀ ခုန်တက် သတ်မှတ်လိုက်တာတွေ့ရပါတယ်။ ပြည်တွင်း ဆန်စျေးကွက်မှာ မိုးစပါးပေါ်ချိန်က ရည်ညွှန်းစျေးနဲ့ စျေးကွက်ပေါက်စျေးရဲ့ ထက်ဝက်ခန့် စျေးနှိမ့်ချဝယ်ယူခဲ့ပေမဲ့ ဆန်စျေးကတော့ အရင်ကထက် ပိုမိုမြင့်တက်နေပြီး ဆန်စျေးကြီးမြင့်မှုနဲ့ စျေးကစားမှုထိန်းချုပ်ဖို လုပ်ဆောင်နေတယ်ဆိုပေမဲ့ အမှန်တကယ်ထိန်းချုပ်နိုင်မှုမရှိသေးတာကို ဝေဖန်ခံရမှု လွတ်မြောက်ဖို့ ဆန်ရည်ညွှန်းစျေးကို ၅၀ ရာခိုင်နှုန်းလောက် ခုန်တက်ပစ်ခဲ့တာမြင်လိုက်ရတဲ့ သဘောပါပဲ။

အခြားတစ်ဖက်မှာလည်း အရင်တုန်းက ပွင့်လင်းရာသီခရီးစဉ်မှာ ပြည်တွင်းခရီးသွား သန်းနဲ့ချီ ရှိပေမဲ့လည်း ဒီနှစ်ပိုင်းတွေမှာတော့ ပြည်တွင်းနေရာအနှံ့လို့ ပြောရလောက်အောင်ကို နေရာအများအပြားမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ပြည်ပခရီးသွားဖို့ပဲ ပြည်သူတွေ ပိုပြီး ကြိုးပမ်းလာတာ တွေ့မြင်ရတဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ လယ်ယာမြေတွေကို အိမ်ခြံမြေအဖြစ် အကွက်ရိုက်ရောင်းတာတွေ အရေးယူမယ်ဆိုတဲ့သတင်း၊ ရှေးဟောင်းမော်တော်ယာဉ်တွေကို မှတ်ပုံတင်ခွင့် ပြန်လည်ခွင့်ပြုပေးမယ်ဆိုတဲ့သတင်းနဲ့ မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေမှာ ငွေကြေးခဝါချမှုတွေ လုပ်ဆောင်လာနေတယ်ဆိုတဲ့အကြောင်း သတင်းတွေကို သုံးသပ်ချင်ပါတယ်။

လယ်ယာမြေကို အိမ်ခြံမြေအဖြစ် အကွက်ရိုက်ရောင်းမှု အရေးယူမဲ့ အခြေအနေ

လယ်မြေတွေကို ဥပဒေနဲ့အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေ၊ ရွာမြေတွေလို အခိုင်အမာအဆောက်အအုံတွေ ဆောက် လုပ်တာမျိုးက တည်ဆဲ လယ်ယာမြေဥပဒေနဲ့ လယ်ယာမြေ နည်းဥပဒေတွေကို မျက်ကွယ်ပြု ဆောင်ရွက်နေတာဖြစ်လို့ ဥပဒေနဲ့အညီ ထိရောက်စွာ ထိန်းသိမ်းဆောင်ရွက်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ကို အစိုးရက ဆိုင်းငံ့ထားသလို လယ်ယာမြေပေါ်မှာ ကျောက်တိုင် စိုက်ထူထားရင်ကို အမိန့်နဲ့ ပြန်နှုတ်ခိုင်းတာကြောင့် လယ်ယာမြေတွေကို အကွက်ရိုက် ရောင်းချနေတာက ခိုင်မာမှုမရှိတဲ့အတွက် ဝယ်ယူနေထိုင်တာမျိုး မပြုလုပ်သင့်ဘူးလို မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းကနေ သိရပါတယ်။ ဒါပေမဲ့လည်း လယ်ယာမြေပေါ် အိမ်ခြံမြေအကွက်ရိုက်ရောင်းချမှုတွေက အခုနောက်ပိုင်းမှာ အရင်ကထက် ပိုမိုများပြားလာနေတာကို တွေ့ရပါတယ်။

မြို့သစ်တွေ ဖော်ဆောင်မပေးနိုင်တာ၊ ပြည်တွင်းစစ်ကြောင့် အေးချမ်းရာရန်ကုန်ကို စစ်ရှောင်လာကြတာ၊ မြေစျေးကစားခံရလို့ အိမ်ခြံမြေစျေးတွေ အဆပေါင်းများစွာ ခုန်တက်သွားချိန်မှာ လယ်ယာမြေတစ်ဧကကွက်ကို အိမ်တစ်လုံးနေဖြစ်ရုံ သိန်း ၃၀၊ ၄၀ နဲ့ အကွက်များစွာရိုက်ရောင်းတာတွေက အဆမတန်များလာတဲ့ အခြေအနေ ဖြစ်လာနေတာပါ။ ဒီအခြေအနေမျိုးမှာ လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချနေတာတွေက စနစ်တကျထိန်းကျောင်းမဲ့သူမရှိတာလည်း တွေ့ရပါတယ်။ လက်ရှိဆိုလည်း အရောင်းအဝယ်မဖြစ်ပေမဲ့ အဆမတန်မြင့်တက်နေတဲ့ မြေစျေးကွက် ဖြစ်သင့်တဲ့နှုန်းထားနားရောက်မှပဲ ပြည်သူ့ကြား ဝယ်ယူနိုင်မှုပြန်လည်မြင့်တက်လာမဲ့အပြင် စိုက်ပျိုးမြေကို လှပ်ထားပြီး နေအိမ်အဖြစ်ပြောင်းတာကို တားဆီးနိုင်မှာဖြစ်ပေမဲ့ လက်ရှိအချိန်ထိတော့ အဲဒီလို လုပ်နိုင်စွမ်းမျိုး မမြင်ရသေးပါဘူး။

ပြန်လည်မှတ်ပုံတင်ခွင့်ပေးမဲ့ ရှေးဟောင်းမော်တော်ယာဉ်

မြန်မာနိုင်ငံအနေနဲ့ ရှေးဟောင်း Classic မော်တော်ယာဉ်တွေကို တန်ဖိုးထားထိန်းသိမ်းနိုင်ရေးနဲ့ သမိုင်းဝင် ယာဉ်တွေအဖြစ် တရားဝင် မှတ်တမ်းတင်ခွင့်ပြုနိုင်ဖိုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှာ မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုး ဆက်လက်ဆောင်ရွက်တာ မရှိတဲ့အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်တဲ့ ၁၉၈၀ မော်ဒယ်နဲ့ အဲဒီမတိုင်ခင်ယာဉ်တွေကို ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးနဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၃၁ ရက် အထိ ပြန်လည် မှတ်ပုံတင်ဆောင်ရွက်ပေးမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားတာကြောင့် ယာဉ်ဟောင်းအဝယ်စျေးကွက် ပြန်လည်လှုပ်ခတ်လာပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်ဆောင်ရွက်ရာမှာ မူလမှတ်ပုံတင်ထားရှိခဲ့တဲ့ ယာဉ်တွေကိုပဲ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမှာဖြစ်သလို ယာဉ်အမှတ်ကို ရောက်ရှိယာဉ်အမှတ်အသစ်နဲ့ သတ်မှတ်ပေးမှာဖြစ်ပြီး အရင် မှတ်ပုံတင်ထားတာမရှိတဲ့ ရှေးဟောင်းယာဉ်တွေကို မှတ်ပုံတင်ပေးမှာ မဟုတ်လို့ လက်ရှိအချိန်မှာ အိမ်မှာချောင်ထိုးထားတဲ့ ကားဟောင်းတွေ ပြန်လည်အသက်ဝင်လာခဲ့သလို လိုင်စင်ရခဲ့ပြီးတဲ့ စာအုပ်ပဲရှိပြီး ကားမရှိသူတွေ၊ ကားရှိပြီး လိုင်စင်စာအုပ်မရှိတော့သူတွေကြားမှာလည်း အမျိုးအစားတူယာဉ်တွေကို ပြန်လည်ဝယ်ယူမှုတွေ မြင့်တက်လာပါတယ်။

တကယ်တော့ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံတစ်ခုရဲ့ ကားတင်သွင်းခွင့်မူဝါဒက မှားယွင်းနေတာဖြစ်ပြီး ပြည်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ကားသစ်တွေ တင်သွင်းနိုင်မှုမရှိတာနဲ့ သာမန်လူတန်းစားတွေအတွက် အနားမကပ်နိုင်တဲ့အခြေအနေကြောင့် လိုင်စင်မဲ့ကားတွေကိုပဲ အများအပြားတင်သွင်းအသုံးပြုနေတာပါ။ ဒီလိုမျိုး လိုင်စင်မဲ့ကားတွေကို ခိုးသွင်းနေတော့ နိုင်ငံ့အတွက်လည်း နိုင်ငံခြားငွေစီးထွက်၊ ပြစ်မှုကျုးလွန်တာလည်း မတားဆီးနိုင်၊ ယာဉ်တိုက်မှုတွေလည်း ဖမ်းလို့မရ၊ Without ကား ဖမ်းဆီးမှုကလည်း ထိထိရောက်ရောက်မလုပ်နဲ့ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် ဖြစ်နေတာပါ။ ဒီလိုမျိုး မမှန်ကန်တဲ့ မူဝါဒတွေအစား ပြည်နယ်နဲ့တိုင်းအလိုက် ကားတင်သွင်းခွင့်တွေ ခွင့်ပြုပေးပြီး ကားလိုအပ်တဲ့ ဒေသမျိုးတွေကို ထုတ်လုပ်သက်တမ်း ၁၀ နှစ်လောက်အထိ ခွာပေးတာမျိုးလုပ်ဆောင်သင့်တာဖြစ်ပါတယ်။ အရင်အစိုးရတွေ လက်ထက်မှာလည်း မြန်မာနိုင်ငံက ကားလိုအပ်တဲ့ဒေသတွေ အဆင်ပြေစေဖို့ ပြည်နယ်နဲ့ တိုင်းအလိုက် မော်ဒယ်ရီးယားမတူဘဲ တင်သွင်းခွင့် သတ်မှတ်ပေးဖို့ ဆွေးနွေးပေမဲ့ လက်ဝါးကြီး အုပ်ထားသူတွေကြောင့် ပျက်ခဲ့ရသလို လက်ရှိကာလမှာ ပြည်သူ့အကျိုး ရှေးရှုပြီး လူတစ်စုအတွက်ပဲ အဆင်ပြေစေတဲ့ ကားတင်သွင်းခွင့်မူဝါဒ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါမယ်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ ငွေမည်းခဝါချတဲ့ မြောက်ကိုရီးယား

အရှေ့တောင်အာရှအတွင်း ငွေကြေးခဝါချမှုနဲ့ လျှို့ဝှက်ဘဏ်လုပ်ငန်းကွန်ရက်တွေကို မြောက်ကိုရီးယားဟက်ကာတွေက အွန်လိုင်းလိမ်လည်သူတွေ၊ မူးယစ်ဆေးဝါး တရားမဝင်ကူးသန်းရောင်းဝယ်သူတွေနဲ့အတူ တည်ဆောက်လုပ်ဆောင်လာကြတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး (UNODC) က ဇန်နဝါရီ ၁၅ ရက်မှာ ကြေညာချက်ထုတ်လာပါတယ်။

UNODC ရဲ့ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားနိုင်ငံက Lazarus အုပ်စုအပါအဝင် ဟက်ကာတွေက မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့ပါဝင်တဲ့ မဲခေါင်ဒေသအတွင်း အဲဒီလိုမျိုး တရားမဝင်လုပ်ငန်းတွေကို ပြုလုပ်လာကြတဲ့အပြင် ကာစီနိုလုပ်ငန်းတွေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးလဲလှယ်မှုတွေကိုပါ ဒီ ရာဇဝတ်ဂိုဏ်းတွေကပြုလုပ်လာကြတယ်လို့ ပြောလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်ရာဇဝတ်ဂိုဏ်းတွေက အွန်လိုင်းလိမ်လည်မှု ကျားဖြန်လုပ်ငန်းတွေကို လုပ်ကိုင်နေပြီး ကမ္ဘာ့နိုင်ငံတွေက ပြည်သူတွေကို ဒေါ်လာဘီလျံနဲ့ချီ လိမ်လည်မှုပြုနေတာကြောင့် ဒီကျားဖြန့်ကို အမှီပြုပြီး မြောက်ပိုင်းလက်နက်ကိုင်တွေရဲ့ ထိုးစစ်မှာ ရှမ်းမြောက်ကို လက်လွှတ်ခဲ့ရပြီဖြစ်သလို အခုအချိန်မှာလည်း မြောက်ကိုရီးယားရဲ့ ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြလာမှုက ဘာအတွက်ဖြစ်မလဲဆိုတာကို ချိန်ဆဖို့ လိုအပ်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း မြန်မာနိုင်ငံဟာ ပြည်တွင်းက အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို မတားဆီးနိုင်သလို ဟွန်ဒီကနေ ဝင်လာနေတဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တာတွေ၊ လူအစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ လက်နက်တွေ ဝယ်ယူဖို့ ထောက်ပံ့မှုတွေ၊ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုမှာ အမေရိကန်လိုနိုင်ငံမျိုးကတောင် သူ့နိုင်ငံသားတွေရဲ့ ငွေတွေ ဒေါ်လာဘီလျံချီလိမ်လည်နေတယ်လို့ ပြောလာတာတွေနဲ့ ဖိအားများနေချိန်မှာ မြောက်ကိုရီးယားကလည်း မြန်မာနိုင်ငံမှာ ငွေကြေးခဝါချတယ် ပြောလာတာဟာ တိုက်ဆိုင်မှုမဟုတ်သလို မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး အမည်ပျက်စာရင်းသွင်းထားတဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF) ရဲ့ သတ်မှတ်ချက်မှာ အီရန်တို့ မြောက်ကိုရီးယားတို့နဲ့ တစ်တန်းတည်းဖြစ်သွားဖို့ လုပ်ဆောင်နေသလားဆိုတာကို အစိုးရတာဝန်ရှိသူတွေက စေ့စေ့စပ်စပ်တွေးပြီး စနစ်တကျ ကြိုတင်ပြင်ဆင်တိုက်ဖျက်ဖို့ လိုအပ်မှာပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *

Related News