၂၂. ၁. ၂၀၂၄
Written by Hey Mar

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်ချို- ရပ်စောက်လမ်းမကြီး ဒုဌ၀တီအဆင်းလမ်း လေးထပ်ကွေ့ မှာ ၁၂ ဘီးကားတစ်စီး ချောက်ထဲ ပြုတ်ကျခဲ့ပြီး လူ နှစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ် ဇန်နဝါရီ ၂၁ ရက် မနက် ၈ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်ဟာ ဘိလပ်မြေ တင်ဆောင်လာတဲ့  Fuso ၁၂ဘီးကားက ဘရိတ်ပေါက်ပြီး ချောက်ထဲ ကျသွားခဲ့ရာက ယာဥ်မောင်းရော ယာဥ်နောက်လိုက်ပါ သေဆုံးခဲ့တာလို့ သိရပါတယ်။

မြေပြင်အကူအညီသွားရောက်ဆောင်ရွက်ခဲ့တဲ့ မေတ္တာရောင်ခြည်လူမှုကူညီရေး အသင်းမှတာဝန်ရှိသူက “ယာဥ်မောင်းက ငါန်းဇွန်ဘက်ကလို့ သိရတယ်။ ယာဥ်နောက်လိုက်ကောင်လေးကလည်း ကားအုံနာရဲ့သားလို့ ပြောတယ်။ ဒီလမ်းကိုက ပထမဆုံး လာဖူးကြတာလို့ သူတို့ မိသားစုတွေနဲ့ အဆက်အသွယ်ရတော့ ပြောပြကြတယ်။ ဒီဘက်အဆင်းလမ်းတွေက အရမ်းစောက်နက်တယ်။ ဘရိတ်မနိုင်ရင် မရဘူး။ ဘရိတ်အရမ်းနင်းရတော့ ပူပြီး ဘရိတ်ကြိုးပြတ်သွားပုံရတယ် ချောက်ထဲ တိုက်ရိုက်ထိုးကျတာ”လို့ MT News ကို ပြောပါတယ်။

မေတ္တာရောင်ခြည် ပရဟိတအသင်းကို နောင်ချိုမြို့ ယာဉ်ထိန်းတပ်ဖွဲ့နဲ့ တံတားရဲကင်းမှ ၀န်ထမ်းတွေက ရုပ်အလောင်း လာရောက်ကူညီသယ်ဆောင်ပေးဖို့ ဆက်သွယ်တာကြောင့် သွားရောက်ကူညီခဲ့ပြီး ချောက်အတွင်း တောင်ကျချောင်းထဲက ရုပ်အလောင်းတွေ ကို ခက်ခက်ခဲခဲ သယ်ထုတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

“ယာဥ်မောင်းရုပ်အလောင်းက ထုတ်ရလွယ်ပေမယ့် ယာဥ်နောက်လိုက်က ရေထဲလည်း ကျနေပြီး ညပ်နေတာမို့ နောင်ချိုမြို့နယ် မီးသတ်တပ်ဖွဲ့က ကိရိယာတွေသုံးပြီး  သယ်ထုတ်ရတယ်။ မနက် ၈ နာရီလောက်က စတာ ညနေ ၄ နာရီမှ ကားဆရာနဲ့ စပါယ်ယာတို့ရဲ့ Dbကို သယ်ထုတ်နိုင်ပါတယ်”လို့ မေတ္တာရောင်ခြည် ပရဟိတအသင်းတာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါယာဥ်မတော်တဆမှုဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ ယာဥ်မောင်းရဲ့ ရုပ်အလောင်းကိုတော့ မိသားစုတွေက ငါန်းဇွန်း မြို့ကို ပြန်လည်ဆောင်ချင်တယ်ဆိုကြောင့် အသင်းပိုင်ယာဥ်နဲ့ ပို့ဆောင်ပေးခဲ့ကြပြီး ယာဥ်နောက်လိုက်ရဲ့ ရုပ်အလောင်းကိုတော့ မိသားစုက နောင်ချိုမြို့မှာ ဒီနေ့ ဇန်နဝါရီ ၂၂ ရက် နေ့လည်က လာရောက် သင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *