၂၂. ၁. ၂၀၂၄
Written by Phyo Wei

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ အရှေ့ မြောက်ပိုင်းဒေသ လက်နက်ကိုင်ပဋိပက္ခတွေဟာ အာဏာကို ဥပဒေနဲ့အညီမယူဘဲ ဖြတ်လမ်းနည်းနဲ့ ရယူဖို့ ကြိုးပမ်းလာတာလို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလာတဲ့ ဒီရက်သတ္တပတ်မှာပဲ ကျိုင်းတုံမြို့ကို တိုက်ခိုက်သိမ်းပိုက်မယ်လို့ ကောလာဟလလွှင့်ထုတ်နေတာနဲ့ ပတ်သက်ပြီး “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က ကျိုင်းတုံကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း ချင်းလက်နက်ကိုင် ကူကီး PDF တွေက ရှမ်းနီတိုင်းရင်းသား ၄၁ ဦးကို သတ်ဖြတ်လိုက်မှုမှာ ကလေးသူငယ်ပါမချန် သတ်ဖြတ်ထားတာကို NUG အပါအဝင် PDF ထောက်ပံ့သူတွေက တာဝန်ယူရမယ်လို့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ထုတ်ပြန်ခဲ့တဲ့ဖြစ်စဉ်အပြင် NCA ရေးထိုးထားတဲ့ PNLO လက်နက်ကိုင်တွေက တရားမဝင်လက်နက်ခဲယမ်း ရာနဲ့ချီ တင်ဆောင်လာတဲ့ ယာဥ်တန်းကို စစ်ဆေးချိန် ပစ်ခတ်မှုဖြစ်ပွားပြီး PNLO လက်နက်ကိုင်တွေက သူတို့ယာဉ်တန်း သူတို့ မီးရှို့ထွက်ပြေးတာကြောင့် စံဖူးရွာမှာ နေအိမ် ၂၇ လုံးဆုံးရှုံးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ဘုရားစေတီတွေ ဖြိုဖျက်တဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ လုပ်ရပ်တွေအကြောင်း၊ အိန္ဒိယနိုင်ငံဟာ မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်တော့မယ့်အကြောင်းနဲ့ ၂၀၂၃ တစ်နှစ်တည်းမှာ မြန်မာနိုင်ငံက လူပေါင်း ၁၅၈၀၀ ဟာ ပဋိပက္ခတွေကြောင့် သေဆုံးခဲ့တယ်လို့ ပြောလာတဲ့သတင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။

ဘုရားဖြိုတဲ့ TNLA

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြိုအဝင်က တောင် ကုန်းပေါ် တည်ထားကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ စေတီတော်ကို တအာန်းလက်နက်ကိုင် TNLA က ဇန်နဝါရီ ၁၀ ရက်ကစပြီး ဘက်ဟိုးနဲ့ ဖြိုချဖျက်ဆီးခဲ့တာကြောင့် ဇန်နဝါရီ ၂၀ မှာ အပြီးသတ် ပြိုကျပျက်စီးသွားခဲ့သလို စေတီတော်အတွင်း ဋ္ဌာပနာထားတဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း TNLA က ခိုးဝှက် ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီစေတီတော်ဟာ ပလောင်တောင်ပိုင်စော်ဘွားကြီး မဟာသရေစည်သူ စပ်ခွန်ပန်းစိန်က တည်ထားကိုးကွယ်ခဲ့လို့ ခေတ်အဆက်ဆက်မှာ နယ်မြေခံတပ်မတော်သားတွေနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး ပြန်လည်ပြုပြင် ထိန်းသိမ်းတာ၊ ရွှေသင်္ကန်းကပ်လှူပူဇော်တာ၊ ရွှေထီးတော်တင်လှူပူဇော်တာတွေ ဆောင်ရွက်ခဲ့တဲ့ ဒေသခံဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ စေတီတော်တစ်ဆူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း TNLA ရဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ် MNDAA က လောက်ကိုင်မြို့နယ်၊ စီအောကျေးရွာရဲ့ မြောက်ဘက် ဆင်ဦးကင်းကုန်းပေါ်က စေတီတော်ကို သံတူနဲ့ထုပြီး ဖြိုချဖျက်ဆီးခဲ့တာကြောင့် တစ်နိုင်ငံလုံးက ကန့်ကွက်မှုဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်မှာတော့ MNDAA က တောင်းပန်ထားပေမဲ့လည်း တလေးတနက် အရေးတယူမဟုတ်ဘဲ လူထုကဝေဖန်မှ ဝတ္တရားကျေ ထုတ်ပြန်တဲ့သဘောပါ။

အခုဖြစ်စဥ်မှာလည်း TNLA ကို လော်ဘီလုပ်သူတွေက နမ့်ဆန်မြို့အဝင်က စေတီကို TNLA ဖျက်ဆီးဖြိုချပြီး ဌာပနာခိုးဝှက်မှုအပေါ် လုပ်ကြံသတင်းပါလို့ ဝိုင်းဝန်းကာကွယ်နေပေမဲ့လည်း အမှန်တကယ်ကျုးလွန်တဲ့ TNLA ကတော့ သူတို့ ဘုရားစေတီဖြိုဖျက် ဌာပနာခိုးဝှက်မှုကို ဆိတ်ဆိတ်နေခြင်းနဲ့ ဝန်ခံနေတာ တွေ့ရပါတယ်။

နယ်စပ်ကို ခြံခတ်မဲ့ ​အိန္ဒိယ

မြန်မာနိုင်ငံနဲ့ ၁၆၄၃ ကီလိုမီတာထိစပ်နေတဲ့ အိန္ဒိယက အရင်တုန်းက နှစ်နိုင်ငံကြား ၁၆ ကီလိုမီတာအထိ လွတ်လပ်စွာသွားလာခွင့် (FMR) ကို ရုပ်သိမ်းမဲ့အပြင် မြန်မာနိုင်ငံနဲ့နယ်စပ်ကို ခြံစည်းရိုးခတ်မယ်လို့ အိန္ဒိယအစိုးရက အတည်ပြုလိုက်ပါပြီ။

ဒီနေရာမှာ အိန္ဒိယအစိုးရဲ့အတည်ပြုချက်က နိုင်ငံရေးနဲ့ဆက်နွှယ်နေတာလည်း တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယ-မြန်မာနယ်စပ်က FMR ရုပ်သိမ်းရေးနဲ့ ခြံစည်းရိုးခတ်ဖို့ဟာ အရင်ရက်တွေကတည်းက လိပ်ခဲတည်းလည်းဖြစ်နေပေမဲ့ AA ဟာ အိန္ဒိယရဲ့ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို အဓိက အနှောင့်အယှက်ပေးနိုင်မဲ့ ပလက်ဝကို သိမ်းနိုင်ပြီဆိုချိန်မှ အတည်ပြုခဲ့တာမို့လို့ပါ။ တရုတ်ရဲ့ ပင်လယ်နှစ်ခုထွက်ပေါက်စီမံကိန်းကို ကုလားတန်နဲ့အားပြိုင်ခဲ့တဲ့ အိန္ဒိယဟာ ကုလားတန်စီမံကိန်းတစ်လျှောက် AA လက်နက်ကိုင်တွေရဲ့ ကုလားတန်စီမံကိန်းလုပ်သားတွေကို ပြ​န်ပေးဆွဲ ဖမ်းဆီးဒုက္ခပေးမှုရင်ဆိုင်ခဲ့ရသလို သူ့စီမံကိန်းတွေကို ဒုက္ခပေးနေကြ AA က ရခိုင်ဘက်ကမြို့တွေသိမ်းလာချိန်မှာ အိန္ဒိယက AA ရဲ့ ရန်ကို ကာကွယ်ဖို့နဲ့ သူ့နယ်စပ်လုံခြုံဖို့ ခြံစည်းရိုးခတ်မယ်လို့ ဗဟိုအစိုးရကိုယ်တိုင် ဆုံးဖြတ်လိုက်တာကလည်း မထူးဆန်းဘူး ပြောရမှာပါ။

၂၀၂၃ တစ်နှစ်တည်း လူပေါင်း ၁၅၈၀၀ သေတဲ့ မြန်မာ

မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံစာရင်းထဲမှာ တတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတယ်လို အမေရိကန် အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ACLED က ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့စစ်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံတွေ စာရင်းမှာ ယူကရိန်းနိုင်ငံက ထိပ်ဆုံးမှာရှိနေပြီး ပါလက်စတိုင်းနိုင်ငံက ဒုတိယနေရာနဲ့ မြန်မာနိုင်ငံက တတိယနေရာမှာ ရှိနေခဲ့သလို ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း အနည်းဆုံး ၁၅,၈၀၀ သေဆုံးခဲ့တယ်လို့ ACLED က ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီနေရာမှာ တွေးစရာတစ်ချက်ကတော့ တပ်မတော်ကြောင့် သေဆုံးသူစာရင်းဟာ AAPP ရဲ့ စွပ်စွဲမှု စာရင်းအရ ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်မှာ သေဆုံးသူက ၂၆၈၈ ဦးရှိပြီး ၂၀၂၃ ဒီဇင်ဘာ ၂၉ ရက်မှာ ၄၂၇၃ ဦး (၂၀၂၄ ဇန်နဝါရီ ၂ ရက်မှာ ၄၂၇၅ ဦး) ရှိတာကြောင့် တပ်မတော်ကြောင့် သေဆုံးတယ်လို့ စွပ်စွဲခံရသူက ၁၅၈၈ ဦးပဲ တက်လာတာတွေ့ရပါတယ်။ ဒါဆိုရင်တော့ ၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်သူသေဆုံးတယ်လို့ ACLED ပြောလာတဲ့ ၁၅၈၀၀ ကနေ တပ်ကြောင့်သေဆုံးတယ်ဆိုတဲ့ ၁၅၈၈ ဦးကို နှုတ်လိုက်မယ်ဆိုရင် ကျန်တဲ့ ၁၄၂၁၂ ဦးဟာ NLD, NUG, PDF,နဲ့ EAOs တွေက သတ်တာလို့ ယူဆရမဲ့ အခြေအနေဖြစ်လာတာကို တွေ့ရတယ်လို့တင်ပြရင်း ပြည်သူကို NUG က ပိုသတ်ပြနေတယ်ဆိုတာ နိုင်ငံတကာနဲ့ NUG ကိုးကားနေတဲ့စစ်တမ်းတွေဖတ်ရင်း ချင့်ချိန်နိုင်ပါစေလို့ ပြောရင်းပဲ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *