၁၉. ၁. ၂၀၂၄
Translated by Htwe Ko Tun

လေးနှစ်တစ်ကြိမ်ကျင်းပနေကြဖြစ်တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲကတော့ အမေရိကန်ပြည်သူတွေသာမက အခြားနိုင်ငံတွေကပါ စောင့်ကြည့်ခြင်းခံရတဲ့ရွေးကောက်ပွဲပါ။ မိတ်ဖက်နိုင်ငံတွေရော ပြိုင်ဘက်နိုင်ငံတွေကပါ အင်အားကြီးအမေရိကန်နဲ့ မိမိတို့ဆက်ဆံရေးမှာ အပြောင်းအလဲတွေဖြစ်လာစေနိုင်တဲ့၊ ကမ္ဘာ့အခြေအနေတွေအပေါ် သက်ရောက်မှုတွေရှိစေနိုင်တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့အတူ မိမိတို့နိုင်ငံအပေါ် အမေရိကန်အစိုးရဆက်ဆံရေး ပြောင်းလာလေမလားဆိုတာကို အထူးသတိပြုစောင့်ကြည့်ကြတာပါ။

အခုလာမဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာကျင်းပဖို့ရှိနေတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲကတော့ ခါတိုင်းထက်ပိုအောင် နိုင်ငံတကာက စိတ်ဝင်စားနေတယ်ဆိုရမှာပါ။ ယူကရိန်းစစ်ပွဲ၊ဂါဇာစစ်ပွဲ၊ အမေရိကန်-တရုတ်ဆက်ဆံရေး၊ တောင်တရုတ်ပင်လယ်အရေး စတဲ့ ကမ္ဘာ့အရေးအခင်းတွေက အမေရိကန်အစိုးရပြောင်းလဲမှုအပေါ်လိုက်ပြီး ပြောင်းလဲနိုင်လို့ပါ။ ဒါတင်မက အခုအခါမှာ ဥရောပ မဟာမိတ်နိုင်ငံတွေကလည်း နေတိုးစစ်အုပ်စုကိုတောင် ဖျက်ပစ်ချင်တယ်ပြောထားတဲ့ ရီပတ်ဘလစ်ကန်ပါတီက ဒေါ်နယ်ထရန့်များတစ်ခါပြန် သမ္မတဖြစ်လေဦးမလားလို့ စိုးရိမ်မှုတွေရှိ‌နေကြတယ် ဆိုပြန်ပါတယ်။

ထရန့်ကတော့ သမ္မတပြိုင်ပွဲမတိုင်ခင်ထဲက အမှုပေါင်းများစွာနဲ့ ဘိုင်ဒန်တို့ ဒီမိုကရက်အစိုးရရဲ့ကြံဖန်တရားစွပ်စွဲမှုကိုရင်ဆိုင်နေရပါပြီ။ ဒါ့ပြင် သူ့ပါတီမှာလည်း သူနဲ့အတူ သမ္မတလောင်းအရွေးခံမယ်ဆိုတဲ့နှစ်ယောက် ပေါ် လာပြန်ပါတယ်။ သူတို့က ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်တစ်နဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း နစ်ကီဟာလီ တို့ပါ။ ဒါပေမယ့်ဘသမ္မတဖြစ်ဖို့လမ်းမှာ ထရန့်က သူ့အတွက် ပထမယှဉ်ပြိုင်မှုဖြစ်တဲ့ ပါတီတွင်းပြိုင်ဘက်တွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ယူဆရအောင် ထောက်ခံမှုတွေရထားပါတယ်။ ဇန်နဝါရီ ၁၈ ရက်အထိ သူတို့သုံးယောက်မှာ ပါတီတွင်းထောက်ခံမှု ၆၇ ရာခိုင်နှုန်းအထိ ထရန့်ကရထားပြီး ရွန်ဒီနဲ့ နစ်ကီတို့က ၁၂ ရာခိုင်နှုန်းနဲ့ ၁၁ ရာခိုင်နှုန်းစီသာအသီးသီးရှိကြတယ်လို့ ဆိုပါတယ်။ ထောက်ခံမှုရာခိုင်နှုန်းကကွာလွန်းတာကြောင့် ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ ပါတီသမ္မတလောင်းကို ဇူလိုင်လမှသာ အတည်ပြုမှာဖြစ်ပေမယ့် ထရန့်အဖို့ အတော်ကြီးအလေးသာနေပါပြီ။

တစ်ဖက်မှာကျတော့ ထရန့်က ကြီးလေးတဲ့ပြစ်ဒဏ်တွေဖြစ်နိုင်တဲ့ ပြစ်မှုလေးမှုနဲ့စွပ်စွဲခံနေရပါသေးတယ်။ ဒါပေမယ့် ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပြီးနောက်ဆုံးတရားစွဲခံရသည့်အဆင့်သို့ ရောက်သည်ပဲဖြစ်စေ သူ့အနေနဲ့ သမ္မတရွေးကောက်ပွဲမတိုင်ခင် ပြစ်ဒဏ်ကျခံရခြင်း ဒါမှမဟုတ် ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံရခြင်းမျိုးလည်းဖြစ်နိုင်ဖွယ်မရှိပါဘူး။ တစ်ခုပါပဲ။ တရားရုံးရက်တွေကတော့ ထရန့်ရဲ့ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှုတွေကို အနှောင့် အယှက်ဖြစ်စေနိုင်ပါတယ်။ ဒီမှာ ထရန့်ကို ရွေးကောက်ပွဲ‌ပြိုင်ခွင့်မပေးဖို့ဆိုတာက ဒီလောက်ပါတီတွင်းထောက်ခံမဲတွေရထားချိန်မှာ ရီပတ်ဘလစ်ကန်အနေနဲ့ လုံးဝမဖြစ်နိုင်တော့ဘူးဆိုရမှာပါ။

တစ်ခါ ထရန့်နဲ့ ဘိုင်ဒန်နှစ်ဦးကို ဆန္ဒမဲတွေစမ်းသပ်ကောက်ခံကြရာမှာလည်း ထရန့်က ဘိုင်ဒန်ထက်တောင် အနည်းငယ်လူကြိုက်များနေပါတယ်။

ဒါကြောင့်လည်း ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းအဖြစ်တော့ သမ္မတဟောင်းထရန့်ကို ပြန်မြင်ရဖွယ်ရှိပြီး နိုဝင်ဘာလရွေးကောက်ပွဲမှာသူတိုနှစ်ဦးဆုံကြလိမ့်ဦးမယ်လို့ သုံးသပ်မိပါတော့တယ်။

Ref / Photo -The Economist & Independent

Leave a Reply

Your email address will not be published. Required fields are marked *

Related News