၂၈. ၁၁. ၂၀၂၂

Written by Phyo Wei

ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ SSPP/SSA နဲ့ SAC အကြားမှာ တင်းမာမှုတွေပြန်ဖြစ်ပြီး ထိတွေ့တိုက်ပွဲဖြစ်စဉ်ရှိခဲ့တယ်ဆိုပေမဲ့ တစ်ဖက်မှာတော့ AA လို လက်နက်ကိုင်အဖွဲ့နဲ့ ယာယီအပစ်ရပ်သွားတာဟာ နိုင်ငံ့အတွက် ကောင်းသတင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဘက်ပေါင်းစုံက ထိုးစစ်ဆင်လိုတဲ့ တော်လှန်တိုက်ပွဲဆင်နွှဲလိုသူတွေအတွက်တော့ အားလျော့သွားတာဖြစ်လို့ မချိတင်ကဲနဲ့ စစ်ပွဲပြန်ဖြစ်ရေး တိုက်တွန်းနေရတာကို မြင်နေရတဲ့ ဒီရက်သတ္တပတ်မှာတော့ ရုရှားနိုင်ငံက Rosatom နဲ့ မြန်မာနိုင်ငံအကြားမှာ နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ စူးစမ်းလေ့လာတိုင်းတာမယ်ဆိုတဲ့ဖြစ်စဉ်တွေ၊ မကြာခင်ရက်ပိုင်းမှာ တာဝန်ယူထားချိန်အတွင်း နောက်ဆုံးခရီးစဉ်အဖြစ် ရောက်လာမဲ့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn အကြောင်းတွေရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီတစ်ပတ်တာရဲ့ နိုင်ငံရေးဆိုင်ရာသုံးသပ်ချက်တွေအဖြစ်တော့ မျက်ရည်ကိုသုတ်ပြီး ဓားကိုဆုပ်ထားဖို့ USDP ပါတီဝင်တွေကို ဦးခင်ရီက တိုက်တွန်းလိုက်တဲ့အကြောင်း၊ နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လုယက်သတ်ဖြတ်မှုတွေ ဆိုးသထက်ဆိုးဦးမယ်လို့ ပြောလာတဲ့ NUG အကြောင်းနဲ့ အကြမ်းဖက်သမားတွေ လက်မခံတော့ဘူးလို့ သဘောတူလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြောင်းတွေကို တင်ပြချင်ပါတယ်

လုယက်သတ်ဖြတ်မှုတွေ ဆိုးသထက်ဆိုးဦးမယ်ဆိုတဲ့ NUG

နွေဦးတော်လှန်ရေးဖြစ်လို့ နေရာအနှံ့မှာ လက်နက်ကိုင်သူတွေ ထွက်ပေါ်လာပြီးနောက်မှာ ပြည်သူလူထုအတွက် လုံခြုံမှုမရှိတဲ့ အခြေအနေကို ဆိုက်ရောက်လာပြီး နေရာအနှံ့မှာ ဒလန်၊ ပျုစောထီး အမည်တပ် လုယက်သတ်ဖြတ်မှုတွေ တိုးသထက်တိုးလာတာ တွေ့ရပါတယ်။ ပစ္စည်းယူ လူသတ်တဲ့သူတွေကလည်း သတ်ဖြတ်လုယက်ပြီးရင် ဒလန်၊ ပျုစောထီးလို့ အမည်တပ်လိုက်တာနဲ့ လူတွေက လက်ခုပ်တီးပေးနေတယ်ဆိုတဲ့အားနဲ့ မဲမဲမြင်ရာလုယက်သတ်ဖြတ်ပြီး ခံရတဲ့သူတွေကိုပဲ ပြန်အပြစ်ဖို့တဲ့ဖြစ်စဉ်တွေ အများအပြားရှိသလို တောမီးလောင်လို့ လက်ခမောင်းခတ်တဲ့ တောကြောင်တွေလည်း အများအပြား ပေါ်ထွက်လာပါတယ်။ ဒါပေမဲ့လည်း ဒီလိုတောကြောင်တွေကိုပါ နိုင်ငံရေးအရအမြတ်ထုတ်ပြီး “ဟိုအဖွဲ့ကခိုင်းတာ၊ ဒီအဖွဲ့ကခိုင်းတာ”လို့ တံဆိပ်တွေကပ်ပြီး အမုန်းတရားတွေ ပိုကြီးထွားလာတဲ့ဖြစ်စဉ်တွေလည်း မြင်နေရပြီး မကြာမီကာလမှာလည်း လုယက်သတ်ဖြတ်မှုတွေက ဆိုးသထက်ဆိုးလာဦးမှာလို့ နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောလာပါတယ်။“လူထုရဲ့ နေ့စဉ်စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို သွယ်ဝိုက်သောနည်းနဲ့သော်လည်းကောင်း၊ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း ကြိုးပမ်းအားထုတ်ရမှာတွေရှိပါတယ်။ အာဏာရှင်စနစ်ကြောင့် လူထုဟာ အသက်နဲ့ ခန္ဓာလုံခြုံမှုလည်း ကင်းမဲ့နေတယ်။ လူထုရဲ့ ဓနဥစ္စာ ပိုင်ဆိုင်မှုတွေကလည်း မလုံခြုံဘူး။ အခုဆိုရင် မြိုကြီးပြကြီးတွေမှာ နေ့စဉ်လိုလို ရာဇဝတ်မှုတွေနဲ့ သတ်ဖြတ်လုယက်မှုတွေ ဖြစ်ပွားနေတယ်။ တောနဲ့ တောင်ပေါ်ဒေသတွေမှာလည်း လူထုရဲ့ အသက်နဲ့ ဥစ္စာဓနက ဖျက်လိုဖျက်စီး အလုပ်ခံနေရတယ်။ လက်နက် ကိုင်ပဋိပက္ခ ရှည်ကြာလာတာနဲ့အမျှ တိုင်းပြည်နဲ့ လူထုဟာ ဆိုးသထက် ဆိုးရွားလာဖိုပဲ ရှိပါတယ်” လို့ ဒူဝါလရှီးလက ပြောတာပါ။ဒူဝါလရှီးလ ပြောတာမှန်ပါတယ်။ NUG လက်နက်ကိုင်တိုက်ခိုက်လာပြီးကတည်းက တိုင်းပြည်နဲ့ လူထုဟာ လက်နက်ကိုင်သူတွေအားလုံးက လက်နက်အားကိုးနဲ့ ဆိုးဆိုးရွားရွားတိုက်ခိုက်သတ်ဖြတ်လုယက်ဖျက်ဆီးတာကို ရင်ဆည်းခံနေရတာပါ

မျက်ရည်ကိုသုတ်၊ ဓားကိုဆုပ်မဲ့ USDP

NLD ပါတီက ပေါက်ဖွားလာတဲ့ NUG နဲ့ PDF တွေ လက်နက်ကိုင်ပြီးကတည်းက သတ်ဖြတ်လုယက်ခံရတဲ့အပြင် ဒလန်၊ ပျုစောထီးလို့ဆိုပြီး နာမည်အဖျက်ခံရဆုံးဟာ USDP ပါတီဝင်တွေလို့ ပြောရမှာပါ။ လက်ရှိအချိန်မှာ NUG၊ PDF တွေဟာ USDP ပါတီဝင် ရာနဲ့ချီကို သတ်ဖြတ်ထားသလို ဒီလိုသတ်ဖြတ်ပြီး ပစ္စည်းတွေ သိမ်းယူတယ်လို့လည်း မကြာခဏထုတ်ပြန်ကြတာကိုလည်း တွေ့နေရပါတယ်။ ဒီလိုမျိုး သတ်ဖြတ်လုယက်ခံရမှုအများဆုံးဟာ စစ်ကိုင်းတိုင်းမှာ ကြုံနေရတာပါ။ ဒါကြောင့်လည်း USDP ဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ ဦးခင်ရီက သူ့စစ်ကိုင်းတိုင်း ခရီးစဉ်မှာ NUG နဲ့ PDF တွေ သတ်ဖြတ်ခံနေရတဲ့ သူ့ပါတီဝင်တွေကို မျက်ရည်ကိုသုတ်၊ ဓားကိုဆုပ်ဖို့ ပြောလာတာ တွေ့ရပါတယ်။”အခုအချိန်ကစပြီး မှတ်ထားဖိုက ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ ကျွန်တော်တိုမှာ ပါတီဆိုတဲ့ အစုအဖွဲကြီးရှိတယ်။ တစ်ယောက်အားနဲ့မရရင် အများအားနဲ့ ဆောင်ရွက်ရမယ်။ ငါ့နောက်မှာ၊ ငါ့ဘေးမှာ၊ ငါ့အဖေရှိတယ်၊ ငါ့အစ်ကိုရှိတယ်၊ ငါ့မောင်တွေရှိတယ်၊ ခင်ဗျားတို့ရှေ့မှာ အနစ်နာခံဖို အဆင်သင့်ရှိနေဆဲပဲ၊ ရှေ့ခရီးမှာ သားသမီးတွေအတွက် ဘာလုပ်မလဲဆိုတာ စဉ်းစားရမယ်။ ကူညီပေးဖို့ ၊ နားထောင်ဖို့၊ ဖြေရှင်းဖို့ ကျွန်တော်လာခဲ့တာပါ။ အချိန်တစ်ခုရောက်လာတဲ့အခါမှာ မျက်ရည်ကိုသုတ်၊ ဓားကိုဆုပ်၊ ရှေ့တစ်လှမ်းတိုးကြပါစို”လို့ ဦးခင်ရီက သူ့ပါတီဝင်တွေကို ပြောခဲ့ပါတယ်။လာမဲ့ ၉ လအတွင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ ရှိနေပါတယ်။ ဒီရွေးကောက်ပွဲကို ဖြစ်မြောက်စေချင်တဲ့ USDP နဲ့ ဒီရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မယ်လို့ ကြုံးဝါးထားတဲ့ NUG တို့ဟာ ထိပ်တိုက်တိုးနေတာဖြစ်ပြီး ဒီကာလအတွင်းမှာ လက်နက်ရှိနေတဲ့ NUG ကပဲ USDP ပါတီဝင်တွေကို အရင်ကထက် ပိုသ တ်နိုင်မလား။ မျက်ရည်သုတ်ပြီး ဓားကိုဆုပ်လာမဲ့ USDP ကပဲ ခုခံကာကွယ်နိုင်မလားဆိုတာကတော့….

အကြမ်းဖက်သမားတွေ လက်မခံတော့ဘူးလို့ သဘောတူလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း AA အဖွဲ့နဲ့ ARSA အကြမ်းဖက်အဖွဲ့တို့ရဲ့ ခြေကုပ်စခန်းတွေတည်ရှိတဲ့ အချက်အလက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အခုနှစ် စက်တင်ဘာ ၁၇ ရက်က သံတမန်စာပေးပို့ပြီး ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ်ဘက်က မြေပြင်စုံစမ်းစစ်ဆေးအရေးယူမှုတွေ ချက်ချင်းပြုလုပ်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ မန်ဂျူရူလ် ကရင်လ် ခမ် ချောင်ဒရီကို စက်တင်ဘာ ၁၉ ရက်က ခေါ်ယူသတိပေးမှု ပြုလုပ်ခဲ့ပါတယ်။ ဒီလိုသတိပေးမှုတွေအပြီး နိုဝင်ဘာ ၂၃၊ ၂၄ ရက်တွေမှာ ကျင်းပခဲ့တဲ့ (၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ အဆင့်မြင့်အရာရှိကြီးအဆင့် အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေပြီး အကြမ်းဖက်အုပ်စုတွေ၊ အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်နယ်မြေမှာ လုံးဝအခြေပြုခိုအောင်းခွင့် ပြုမည်မဟုတ်တဲ့အပြင် မြန်မာနိုင်ငံနဲ့ ပိုမိုပူးပေါင်းတိုက်ဖျက်သွားမယ်လို့ သဘောတူခဲ့ပါတယ်။(၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ အဆင့်မြင့်အရာရှိကြီးအဆင့် အစည်းအဝေးမှာ အကြမ်းဖက်သမားတွေကို လက်ခံမှာမဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ ပူးပေါင်းတိုက်ဖျက်မယ်ဆိုတဲ့အချက်အပြင် အခြားအချက် ၁၃ ချက်ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူခဲ့ပြီး ဒီသဘောတူမှုဟာလည်း ဒီဇင်ဘာ ၁ ရက်ကစ အသက်ဝင်မှာဖြစ်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဘင်္ဂလားဒေ့ရှ်ဘက်က အကြမ်းဖက်သမားတွေကို သူ့နိုင်ငံထဲမှာ လက်မခံတော့ဘူးလို့ သဘောတူညီလာတာနဲ့အတူ AA ဘက်ကလည်း ယာယီအပစ်ရပ်မယ်လို့ ထုတ်ပြောလာတာတွေ့ရပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း ARSA အကြမ်းဖက်သမား ၇၀ နီးပါးကို လူသတ်မှုတွေနဲ့ စွဲချက်တင် အရေးယူမှုပြုလုပ်လာတာ တွေ့ရပါတယ်။ ဒီလိုဖြစ်စဉ်တွေဟာ SAC ရဲ့ နိုင်ငံရေးအရ တရားဝင်မှုကို ပြနိုင်တာဖြစ်သလို AA က အပစ်ရပ်မှုဟာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေ နေရာအနှံ့ကတိုက်ခိုက်စေပြီး SAC ကို စစ်မျက်နှာများစွာဖွင့်ပြီး အကျပ်ရိုက်စေချင်တဲ့ NUG အတွက်တော့ အန္တိမရည်မှန်းချက်တစ်ခု ပျက်ပြားသွားတဲ့အခြေအနေပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *