မှိုစိုက်ပျိုးထားသူတစ်ဦး၏ စိုက်ပျိုးရေးနေရာတစ်ခုကို တွေ့ရစဥ်

၂၈.၁၁ .၂၀၂၂
Written by Hey Mar

မှိုမျိုးစုံ မွေးမြူစိုက်ပျိုးထုတ်လုပ်နည်း အခမဲ့သင်တန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း (၁၀) မိုင်သင်တန်းကျောင်း၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

မှိုစိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုမှာ ဒေသတွင်မြေနေရာ ကျဥ်းကျဥ်း အရင်းအနှီးနည်းနည်းနှင့် စီးပွားကို ထိန်းနိုင်သည့် လုပ်ငန်းဖြစ်၍ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း (၁၀) မိုင်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးရဲထွန်းအောင်က MT News သို့ ပြောသည်။

“တစ်နိုင်တစ်ပိုင် စိုက်ပျိုးဖို့အတွက် မျိုးစေ့တွေ နည်းပညာတွေ ဖြန့်ဖြူးပေးနိုင်ဖို့ သင်တန်းကို ပို့ချတာပါ။ ကိုယ့်ဒေသမှာ မြေယာပိုင်ဆိုင်မှု နည်းနည်းနဲ့ စိုက်ပျိုးလို့ရသလို ကလေးသူငယ်တွေကအစ အမျိုးသမီးတွေပါ ပါဝင်လုပ်ကိုင်လို့ရတဲ့ လုပ်ငန်းလည်းဖြစ်သလို နေရာဒေသမရွေး စိုက်ပျိုးလို့လည်း ရပါတယ်” ဟု ဦးရဲထွန်းအောင်က ပြောသည်။

မြေအကျယ် ၁၀ ပေပတ်လည်ခန့်တွင် ဝါး သို့မဟုတ် ထို့ထက်ခိုင်ခန့်သည့် အဆောက်အဦရှိရုံဖြင့် ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်နိုင်ပြီး စျေးကွက်တွင်လည်း လူကြိုက်များကြောင်း သိရသည်။ မှိုစိုက်ပျိုးရာတွင် စွတ်စို ထိုင်းမှိုင်းမှုရှိပြီး နေရောင်ကောင်းစွာရရှိသည့် နေရာဖြစ်ရန် လိုအပ်သည်။

“ငွေနှင်းမှိုဆိုရင် စိုက်ရပျိုးရ အင်မတန်လွယ်ပြီး ငွေဖြစ်လွယ်တဲ့ မှိုပါ။ ကျွန်တော်တို့သင်တန်းက သင်တန်းသားတွေ ပျိုးထုပ် ထုတ်ရောင်းနေတာလည်း ရှိတယ်။ နိုင်ငံတော်ပိုင်ခြံတွေကနေ ပျိုးထုပ်တွေ ရောင်းပေးနေတာလည်း ရှိပါတယ်။ အမြတ်အားဖြင့်လဲ ၃ ချိုးမှာ ၂ ချိုး ပြန်ရပါတယ်”ဟု ဦးရဲထွန်းအောင်က ဆက်လက်ပြောသည်။

ပျိုးထုပ် တစ်ထုပ်လျှင် ကျပ် ၇၅၀ မှ ၁၅၀၀ အတွင်းရှိပြီး တစ်လလျှင် ၄ ကြိမ်ခန့် ခူးဆွတ်နိုင်ကာ တစ်ကြိမ်လျှင် ၃၀ ကျပ်သားမှ ၅၀ ကျပ်သားအထိ မှို ထွက်သည်ဟုလည်း သိရသည်။

အဆိုပါသင်တန်း အမှတ်စဥ် (၄/၂၀၂၂) ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှ ဒီဇင်ဘာလ ၂၀ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား ဦးရေ ၃၀ ဦးသာ လက်ခံသင်ကြားပေးမည်ဟု သိရသည်။ သင်တန်းကာလအတွင်း သင်တန်းဆောင်တွင် အခမဲ့နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး သင်တန်းကြေးမှာလည်း အခမဲ့ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News