လက်လုပ်ဗုံးကြောင့် ထိခိုက်ပျက်စီးသည့် ယာဥ်အချို့ မြင်ကွင်းကို တွေ့ရစဥ်

MT News

Written by Min Mahar

မန္တလေးမြို့ရှိ BOSS KTV တွင် လုံခြုံရေးဝန်ထမ်းကို သေနတ်ပြ ခြိမ်းခြောက်ပြီး ကားပါကင်အား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်၍ ယာဥ်လေးစီးထိခိုက်ပျက်စီးမှု ယမန်နေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြား၊ ၅၉ လမ်းပေါ်ရှိ BOSS KTV ဆိုင်တွင် နိုဝင်ဘာ ၂၈ ရက် နေ့လည် ၁ နာရီ ၃၀ မိနစ်ခန့်က အမည်မသိအမျိုးသားလူငယ် ၂ ဦး ရုပ်ဆိုး125 ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး လုံခြုံရေးဝန်ထမ်းအား သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်၏ကားပါကင်အတွင်းသို့

ဝင်ရောက်ခဲ့ပြီး ဆိုင်ကယ်အနောက်မှ ထိုင်သူက လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ကာ သိပ္ပံလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း Boss ဆိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“နေ့လည်က အမည်မသိလူငယ် ၂ ယောက်က ရုပ်ဆိုးဆိုင်ကယ်နဲ့ရောက်လာပြီး လုံခြုံရေးဝန်ထမ်းကို သေနတ်အတိုနဲ့ချိန်းခြောက်ပြီး ကိုယ့်ဘာသာအေးဆေးနေ၊ သေသွားမယ်လို့ခြိမ်းခြောက်ပြီး ကားပါကင်အတွင်း

ဝင်လာပြီး ဆိုင်ကယ်အနောက်ကနေထိုင်နေသူက PVC (၂) လက်မသံပိုက်နဲ့ လုပ်ထားတဲ့ လက်လုပ်ဗုံးတစ်လုံးနဲ့ ပစ်ပေါက်ထွက်ပြေးသွားကြတယ်။ လူတွေတော့ထိခိုက်မှုမရှိဘဲ ဧည့်သယ်တွေရဲ့ ကားလေးစီးတော့အနည်းငယ်ပျက်စီးသွားတယ်” ဟု အဆိုပါတာဝန်ရှိသူမှ MT News သို့ ပြောသည်။

၎င်းလက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်အတွင်းရှိ MDY 6K/—-WISH အဖြူရောင်ကားနောက်မှန်ကွဲ၊ MDY 13 /1S- ……… GEELY ခဲရောင်ကားနောက်ပိတ်အဖုံး ဘောစိဖောက်ဝင်၊ YGN 6R/—-SUZUKI အဖြူရောင်ကားနောက်ပိတ်အဖုံး ဘောစိဖေါက်ဝင်၊ MDY 2G/ —- BELTA ခဲပြာရောင်ကားညာဘက်ခြမ်း ဘောစိဖောက်ဝင်ကာ အသီးသီးပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် သက်ဆိုင်ရာအဖွဲ့များမှ လက်လုပ်ဗုံးပစ်ပေါက်သွားသူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစုံစမ်းနေကြောင်းနှင့် ထိုဖောက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း စုံစမ်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *