KIA နှင့် PDF များ မီးရှို့ထားမှုကို တွေ့ရစဥ်(Photo- MOI)

MT News

Written by Nay Moe

KIA နှင့် PDF များက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၄၈ လုံး၊ မကွေးတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု SAC က ယမန်နေ့ညတွင် ​ကြေညာသည်။

CRPH, NUG နှင့် PDF များနှင့် KIA တို့က ဌာနဆိုင်ရာအဆောက်အဦများ၊ ရုံးများ၊ ကျောင်းများ စသည့် အများပြည်များ ဆိုင်ရာအဆောက်အဦများကို မီးရှို့ဖျက်ဆီးနေပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အင်ကြင်း ကုန်းကျေးရွာအတွင်း KIA အဖွဲ့နှင့် PDF များက ဝင်ရောက် နေထိုင်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသားအချို့က လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ် အကြောင်းကြားသတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၇ ရက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် အဆိုပါကျေးရွာသို့သွားရောက်၍ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ KIA နှင့် PDF များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် ကျေးရွာ ၏ အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာသွားစဉ် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၄၀ လုံး မီးလောင် ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

အလားတူ ထီးချိုင့်မြို့နယ်၊ ဆူးပုတ်ချောင်းကျေးရွာသို့ နိုဝင်ဘာ ၂၆ ရက် နံနက် ၆ နာရီခွဲခန့်တွင် PDF များ ကျေးရွာ၏ အနောက်တောင် ဘက်မှ ရောက်ရှိလာပြီး ကျေးရွာသူ/ ကျေးရွာသားများအား စုဝေး၍ ရွာပြင်သို့ထွက်ရန် အကြမ်းဖက် ခြိမ်းခြောက်ပြောဆိုပြီး ကျေးရွာအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ရာ မီးလောင်မှုကြောင့် လူနေအိမ် ၄၀ လုံး၊ လက်တွန်းထွန်စက် ၆ စီး၊ စပါးချွေလှေ့စက် ၁ လုံး၊ မော်တော်ဆိုင်ကယ် ၂၀ စီး၊ မီးစက် ၂ လုံးနှင့် စပါးများ မီးလောင်ဆုံးရှုံးခဲ့သည်။

KIA အဖွဲ့နှင့် PDF များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၄၈ လုံး၊ မကွေးတိုင်း ဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံးနှင့်ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ လုံး ရှိပြီးဖြစ်ကြောင်းသိရပြီး ထိုသို့ မီးရှို့ဖျက်ဆီးခြင်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေးဆောင်ရွက် လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *