◾မန္တလေးတွင် မူးယစ်ဆေးဖမ်းမိမှု ၄ ရက်အတွင်း ကျပ် ၈ ဘီလျံခန့် ရှိလာ

MT News

၁၆. ၁. ၂၀၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၈ လမ်း၊ ၆၂ လမ်းထောင့်တွင် ဇင်မင်းထွန်းမောင်းနှင်လာသည့် Hiace ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် (၄၄၀၀) ဖြင့် ထည့်လျက် ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်း ဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက် လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ထို့အတူ ဇန်နဝါရီ ၇ ရက်နေ့ ညနေ ၅ နာရီအချိန်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် နောင်ချိုဘက်မှ မန္တလေးဘက်သို့ စိုင်းလှရွှေ မောင်းနှင်လာသည့် Hiace ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း သိမ်းဆည်းရမိခဲ့သည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ (စျ) ရပ်ကွက်၊ ၅၂ x ၅၃ လမ်းကြား၊ ၁၃၉(A)လမ်းရှိ ဂိုဒေါင်ကို ဇန်နဝါရီ ၈ ရက်တွင် သတင်းအရရှာဖွေရာ ဆာဦး နှင့် မိုင်းအိုက်ကျင် တို့ ၂ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၁ သိန်း၊ ပလတ်စတစ်ဆပ်ပြာခွက် ၉၂၄၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၉၂ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၉ ရက်နေ့ ည ၈ နာရီအချိန် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈ အေ လမ်းနှင့် ၁၁၅ လမ်းထောင့်နေ လှသိန်း အား ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့် လည်းကောင်း၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ ဟိန်းလတ်နှင့် မအေးအေးအောင် တို့၏ စိုက်ပျိုးမွေးမြူရေးခြံမှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းအား လည်းကောင်း အသီးသီးဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၉၄၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၁ သိန်း၊ ဘိန်းဖြူ ၁၀၁ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *