၁၂.၁.၂၀၂၄
Written by Hey Mar

လိုအပ်တဲ့ ခြေခံအဆောက်အဦပိုင်းကို ဖြည့်ဆည်းပေးနိုင်ရင် နည်းပညာနဲ့ ဈေးကွက်ကို ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူတွေက ထိုးဖောက်နိုင်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက ထောပတ်သီးစိုက်ပျိုးထုတ်သူ တောင်သူတချို့ကMT News ကို ပြောပါတယ်။

လက်ရှိအချိန်မှာ ထောပတ်သီးတင်ပို့ရောင်းချတဲ့ ရာသီချိန်ကို ရောက်ရှိနေပေမယ့် ပြည်တွင်းအခက်အခဲတွေကြောင့် ထင်သလောက်ခရီးမပေါက်ဘူးလို့လည်း ဆိုကြပါတယ်။ ပြည်ပဝယ်လက်တွေ ချိတ်ဆက်နိုင်ပေမယ့် တင်ပို့ရာမှာ လွယ်ကူချောမွေ့မြန်ဆန်ဖို့ လိုအပ်ချက်တွေရှိနေတာလို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် သူများအသင်း (ပြင်ဦးလွင်) အတွင်းရေးမှူးဦးမျိုးညွန့်က ဆိုပါတယ်။

သူက”နယ်စပ်ကုန်သွယ်ရေးကလွဲရင် တခြားနိုင်ငံတွေ တင်ပို့နိုင်ခြင်းမရှိသေးပါဘူး။ နယ်စပ်ကနေ ထိုင်းကို တင်ပို့နေပဲတာ ရှိပါတယ်။ လက်ရှိအခြေအနေအရ သေသေချာချာ ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ အရှိန်မပြတ်သွားနေတဲ့သဘောပါပဲ။ ၂၀၂၂ မှာ ပြင်သစ်၊ ဟောင်ကောင် ပြပွဲတွေသွားခဲ့တဲ့အတွက် အချိတ်အဆက်တွေရတယ်။ ပြင်သစ်ကုန်သည်တွေ စိတ်ဝင်စားမှုရှိခဲ့တယ်။ အာရှနိုင်ငံအတော်များများ စိတ်ဝင်စားမှုတွေရခဲ့တာ ရှိပါတယ်။ ဒါပေမယ့် တင်ပို့ရောင်းချမှုပိုင်းမှာဆိုရင် စိန်ခေါ်မှု နှစ်ခု ကြုံနေရတယ်။ လက်ရှိနိုင်ငံရေးအခြေ အနေကလည်းစိန်ခေါ်မှု တစ်ခု။ နောက်တစ်ခုက အခြေခံအဆောက်အဦလိုချက်၊ အဓိက က ဘာလိုလဲဆိုတော့ ထောပတ်သီးတွေကို ခူးပြီးတဲ့အခါ တန်ပြည့်အောင်စုဆောင်းထားရတယ်။ စုဆောင်းထားတဲ့အချိန်မှာ Processing လုပ်ဖို့ Warehouse တွေ လိုအပ်တယ်။ အဲ့ဒါတွေရှိမှ Cold chain လုပ်နိုင်မယ်။ ဒီအပိုင်းမှာ ကျွန်တော်တို့ အားနည်းချက်တွေဖြစ်နေတယ်” လို့ ပြောပါတယ်။

တစ်ဖက်နိုင်ငံက ကုန်သည်နဲ့ ရောင်းချမှုသဘောတူစာချုပ်ရေးထိုးခါနီးမှ Warehouse မှာ Processing လုပ်နေတာတွေ၊ Video Click တောင်းတာမျိုးတွေ၊ လာရောက်လေ့လာမယ်ဆိုတာတွေ ကြုံရတဲ့အခါ မြန်မာဘက်က ကုန်သည်တွေ တောင်သူတွေ အဆင်သင့် မဖြစ်တဲ့အတွက် ညှိနှိုင်းမှု ပျက်ပြယ်ခဲ့တာတွေ ကြုံရတယ်လို့သိရပါတယ်။

“တောင်သူတွေ စုပေါင်းပြီး ကိုယ်တိုင်လုပ်ဖို့ကြတော့လည်း ကုန်ကျနိုင်မယ့် စရိတ်က သိန်း ၆၀၀၀ လောက်ဆိုတော့ မစိုက်ထုတ်နိုင်ဘူး။ Third Party ခေါ်ဖို့ကြတော့လည်း ထောပတ်သီးရာသီက တစ်နှစ်မှာ ၄ လပဲ ရှိတာ။ နောက်ပြီး ရာသီချိန်ပြီးသွားရင် ဆက်လက်ပြီး အခြားနည်းအသုံးချတာတွေ ဆောင်ရွက်ဖို့ စီစဉ်နိုင်တာမရှိဘူးဆိုရင် ဒီရင်းနှီးမြှုပ်နှံမယ့်သူကလည်း မရင်းနှီးမမြှုပ်နှံဘူး” လို့ ဦးမျိုးညွှန့်က ထောပတ်သီးလောကမှာကြုံတွေ့နေရတဲ့ ဖြစ်စဉ်တွေကို ပြောပြပါတယ်။

ဒီနှစ် ၂၀၂၃- ၂၀၂၄ ခုနှစ် ထောပတ်သီးရာသီချိန်မှာလည်း ထိုင်းနဲ့ စင်ကာပူက အေးခဲထားတဲ့ ထောပတ်သီးရနိုင်ရင် တစ်နှစ်ပတ်လုံးဝယ်ယူသွားမယ်လို့ ကမ်းလှမ်းထားတာရှိကြောင်း မြန်မာထောပတ်သီးတောင်သူတွေအနေနဲ့ ကောင်းမွန်တဲ့ စိုက်ပျိုးမှုစနစ် (GAP) နဲ့ စိုက်ပျိုးထုတ်လုပ်နေတဲ့ ထောပတ်သီးဧက ၈၀၀ ကျော်ရှိနေပြီး နည်းပညာနဲ့ ဈေးကွက်က အခက်အခဲမရှိပေမယ့် အခြေခံအဆောက်အဦတွေနဲ့ လျှပ်စစ်မီးရရှိမှုမှာတော့ အခက်အခဲတွေရှိသေးတာကြောင့် ကမ်းလှမ်းမှုတွေတိုင်းကို လက်ခံတင်ပို့လို့မရနိုင်တဲ့ အနေအထားလို့ သိရပါတယ် ။

မြန်မာနိုင်ငံမှာ ထောပတ်သီးစိုက်ခင်းဧက ၂၅,၀၀၀ ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းတောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ စိုက်ပျိုးကြပါတယ်။ ထောပတ်သီးနှံက ကမ္ဘာ့ကုန်သွယ်မှုအနေနဲ့ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့်ရှိရခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ်မှာ တန်ချိန်နှစ်ထောင့်လေးရာခန့်တင်ပို့နိုင်ခဲ့ကာ ၂၀၂၂ ခုနှစ်မှာတော့ တန်ချိန် ခုနစ်ရာကျော်ကို ထိုင်း၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ တရုတ်၊ မလေးရှား၊ ဗြိတိန်နိုင်ငံတွေဆီ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၂၂ မှာ တင်ပို့နိုင်တဲ့ပမာဏက ၃ ဆကျော် လျော့ကျသွားခဲ့သလို အခု ၂၀၂၃- ၂၀၂၄ ခုနှစ် ထောပတ်သီးရာသီချိန်ကလည်း အရင်နှစ်တွေကထက် ပိုမိုနည်းနိုင်တယ်လို့လည်း တောင်သူတွေက ခန့်မှန်းနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *