MT News

မှတ်ပုံတင်အမှတ် မှန်ကန်စွာဖြည့်စွက်ခြင်း မရှိသည့် SIM Card များ ပိတ်သိမ်းမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Database အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးသွားမည် ဖြစ်သည့်အတွက် သုံးစွဲသူ အများပြည်သူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ မှတ်ပုံတင် (မူရင်း)ဖြင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့ကို မှန်ကန်စွာ ဖြည့်စွက်၍ စနစ်တကျ မှတ်ပုံတင်နိုင်ပြီးမှသာ အသုံးပြုကြရန်နှင့် လက်ရှိအသုံးပြုနေသည့် SIM Card များတွင် အချက်အလက်များအား မှန်ကန်စွာ ဖြည့်စွက်ထားခြင်း မရှိကြောင်း စိစစ်တွေ့ရှိပါက အဆိုပါ SIM Card များကို အပြီးပိတ်သိမ်းသွားမည် ဖြစ်ကြောင်းနှင့် ပိတ်သိမ်း SIM Card များရှိ လက်ကျန်ငွေများအား ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အတူ ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Card ရောင်းချသူများ အနေဖြင့်လည်း SIM Card များ ရောင်းချရာတွင်လည်းကောင်း၊ အချက်အလက်များ မှန်ကန်စွာ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ရာတွင်လည်းကောင်း ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန်နှင့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *