MT News

NLD ပါတီဝင်အချို့ တာဝန်ခံအဖြစ် ပူးပေါင်းပါဝင်လာမှုဖြင့် ပါတီအသစ်တစ်ခု ထူထောင်ရန် ကြိုးပမ်းနေကြောင်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက စက်တင်ဘာ ၁၉ ရက်တွင် MT News သို့ ပြောကြားသည်။

NLD ပါတီဝင်ဖြစ်ခဲ့ဖူးသူ PPP ပါတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ ဦးကျော်ဇေယျက ဥက္ကဋ္ဌအဖြစ် ဦးဆောင်လာမည့် ပါတီအား ကနဦးတွင် ပြည်သူညီညွတ်ရေးပါတီဟု အမည်ပေးထားသည်။

”ကျွန်တော်တို့ စုစည်းထားတဲ့အဖွဲ့ရဲ့ ဆွေးနွေးပွဲလေးကို အွန်လိုင်းပေါ်မှာ ကျင်းပခဲ့ပါတယ်။ စုပေါင်းခေါင်းဆောင်ကာ တာဝန်ယူကြသည့် ဆွေးနွေးမှု ပုံစံမျိုး ဖြစ်ပြီး နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေက တာဝန်ခံကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။ တာဝန်ခံတွေရဲ့ စာရင်းအရ အင်အားက စုစုပေါင်း ၈၀၀ ကျော် ရှိနေပါပြီ။ တာဝန်ခံအများစုက PPP ပါတီက လာကြသူတွေဖြစ်ပြီး NLD ပါတီက သုံးဦး၊ အခြားပြင်ပမှ နှစ်ဦးဖြစ်ပါတယ်” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ပြည်သူညီညွတ်ရေးပါတီတွင် တာဝန်ခံအဖြစ် ပူးပေါင်းလာသည့် NLD ပါတီဝင်များ၏ အမည်ကို လက်ရှိကာလတွင် ထုတ်ဖော်ပြောရန်မှာ အချိန်စောနေသေးသည်ဟု ဦးကျော်ဇေယျက ပြောကြားပြီး ပါတီသစ်ထူထောင်ရေး တွေ့ဆုံဆွေးနွေးပွဲ ဆုံးဖြတ်ချက်များအဖြစ် ယခုလာမည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာအား UEC သို့ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကိစ္စရပ် တရားဝင် အမြန်ထုတ်ပြန်ပေးနိုင်ရေး မေးခွန်းမေးပေးပါရန်အကူအညီ ‌တောင်းခံခြင်း၊ ပါတီအမည် လျာထားချက်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရ Unity, United Peace, စသည့် စကားလုံးများအား ဦးစားပေးကာ အမည် (၁၀) ခုအနက် အများကြိုက်သည့် အမည်အား လာမည့်ဆွေးနွေးပွဲတွင်တင်ပြ၍ အတည်ပြုချက်ရယူရန်၊ ပါတီအလံ၊ တံဆိပ်၊ ဝတ်စုံများအား ရောင်စုံပါရှိရေး လျာထားရေးဆွဲကာ ဝိုင်းဝန်းအကြံပြုသွားရန်၊ အဖွဲ့ရန်ပုံငွေအတွက် တတ်နိုင်သောအဖွဲ့ဝင်များမှ တတ်အားသရွေ့ ပူးပေါင်းပါဝင်ထည့်ဝင်ကြကာ ကူညီပံ့ပိုးသူများရှိပါက စနစ်တကျ စုပေါင်းလက်ခံသွားရန်နှင့် ပါတီအတွက် သတ်မှတ် “စံ”အား မှန်(၅)မှန်ထားကာ လူမှန်၊ နေရာမှန်၊ စနစ်မှန်၊ စိတ်ထားမှန်၊ ပြည်သူ့အတွက် “မှန်” ဟု အမြဲ ခံယူကာ ဦးစားပေး လုပ်ဆောင်ကြရန် စသည့် မူဝါဒငါးချက်အား အတည်ပြုနိုင်ခဲ့ကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

”ပါတီအသစ်က ထူထောင်ဖို့အတွက် မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်ရေးဆွဲမှုကို စောင့်ဆိုင်းနေပါတယ်။ လက်ရှိမှာတော့ ပါတီအသစ်က ခွင့်ပြုတာမရှိသေးပါဘူး။ ခွင့်ပြုလာချိန်မှာ ပါတီအသစ်ထူထောင်ဖို့ ကြိုတင်ပြင်ဆင်နေတာပါ။ တရားဝင်ခွင့်ပြုခဲ့ရင်တော့ ဥက္ကဋ္ဌအနေနဲ့ တင်မှာပါ” ဟု ပြည်သူညီညွတ်ရေးပါတီဥက္ကဋ္ဌဦးကျော်ဇေယျက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News