MT News

Written by Tha Doe

လူအများအပြားကို သေကြေစေသော လက်နက်များ ပြန့်ပွားမှုကို ငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်ပြီး ပြည်တွင်းဘဏ်ကိုးခုကို စစ်ဆေးထားကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ ကြပ်မတ်ကွပ်ကဲမှု လုပ်ဆောင်ချက်များတွင် ဖော်ပြထားသည်။

လူအများအပြားသေကြေစေသော လက်နက်များပြန့်ပွားမှုကို ငွေကြေးထောက်ပံ့မှုနှင့် စပ်လျဥ်း၍ ပစ်မှတ်ထားသည့် ငွေကြေးဆိုင်ရာ အရေးယူမှုများ လိုက်နာမှု ရှိ /မရှိ ဘဏ်များသို့ သွားရောက်၍ Onsite စစ်ဆေးရာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထုတ်ပြန်သည့် ကန့်သတ်တားမြစ်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းစာရင်း၊ ပြည်တွင်းကန့်သတ်တားမြစ်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းစာရင်းတို့ကို အချိန်နှင့်တပြေးညီ Update ပြုလုပ်မှုအခြေအနေ၊ မိမိဝန်ဆောင်မှုပေးလျက်ရှိသည့် ဆက်သွယ်ဆောင်ရွက်သူများကို ယင်းစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးမှုအခြေအနေ ငွေစာရင်း ယာယီတားဆီးခြင်းနှင့် ပြန်လည်ဖွင့်လှစ်ခြင်းတို့နှင့် စပ်လျဥ်းသော လုပ်ငန်းစဥ်ကို ရေးသားထားခြင်းရှိ /မရှိနှင့် အသိပညာပေးဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို စိစစ်ရာတွင် လက်ရှိအချိန်အထိ ဘဏ်ကိုးဘဏ်ကို စစ်ဆေးထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌသည် AML/CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျုဟာနယ်ပယ် (၃) အကောင်အထည်ဖော်မှုကြီးကြပ်ရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသဖြင့် ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၏ AML/CFT ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျုဟာပါ လိုအပ်သည့်အချက်အလက်များ သက်ဆိုင်ရာကဏ္ဍအလိုက် အချိန်မီဆောင်ရွက်ပြီးစီးစေရန်လည်း ကြီးကြပ်နေသည်။

ထို့ပြင် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများမှ ညှိနှိုင်းလာသည့် ပြစ်မှုဆိုင်ရာကိစ္စရပ်များအတွက် လိုအပ်သည့် ငွေရေးကြေးရေးဆိုင်ရာ သတင်းအချက်အလက်များကို ကိစ္စရပ်အလိုက် ဥပဒေနှင့်အညီ ပံ့ပိုးပေးလျက်ရှိသည်။ ထို့အပြင် ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များနှင့် လူအများအပြားသေကြေစေသော လက်နက်များ ပြန့်ပွားမှုကို ငွေကြေးထောက်ပံ့မှုနှင့် စပ်လျဥ်း၍ နားလည်သဘောပေါက်မှု တိုးမြှင့်လာစေရေးအတွက် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍လည်း အသိပညာမြှင့်တင်မှု အစီအစဥ်များလည်း အခါအားလျော်စွာ လုပ်ဆောင်ပေးနေကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News