MT News

ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း AA အဖွဲနှင့် ARSA အကြမ်းဖက်အဖွဲ့တို့၏ ခြေကုပ်စခန်းများတည်ရှိသည့် အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ စက်တင်ဘာ ၇ ရက်စွဲပါ သံတမန်စာဖြင့် ပေးပို့ပြီး ဖြစ်သောကြောင့် ယင်းကိစ္စကို ဘင်္ဂလားဒေ့ရှ်ဘက်မှ မြေပြင်တွင် စုံစမ်းစစ်ဆေးအရေးယူမှုများ ချက်ချင်းပြုလုပ်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ မန်ဂျူရူလ် ကရင်လ် ခမ် ချောင်ဒရီ အား စက်တင်ဘာ ၁၉ ရက်တွင် ခေါ်ယူသတိပေးမှု ပြုလုပ်ခဲ့သည်။

အဆိုပါ သတိပေးမှုကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ၌မြန်မာနိုင်ငံဆိုင်ရာ
ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခေါ်ယူတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းသို့တွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီး မကြာမီကဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား ခေါ်ယူ တွေ့ဆုံစဉ် ပြောကြားခဲ့သည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြစ်စဉ်ပကတိအခြေအနေမှန်ကို ရှင်းလင်းပြောကြား တုန့်ပြန်ခဲ့သည်။

SAC ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဖြိုးဝင်းက AA အဖွဲနှင့် ARSA အကြမ်းဖက်အဖွဲ့ပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၁ အနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တောင်ပြိုဝဲရဲကင်းစခန်းအား မော်တာကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ မော်တာကျည် (၃)လုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း၊ AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့သည် အလားတူ စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၄ အနီး တောင်ပြိုယာ ရဲကင်းစခန်းအား မော်တာကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ မော်တာကျည် (၉) လုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းကဲ့သို့ နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုးအနီးမှနေ၍ ပစ်ခတ်တိုက်ခိုက်နေမှုများသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က အလေးထားပြောကြားခဲ့သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က မြန်မာဘက် တာဝန်ရှိသူများအနေဖြင့် နှစ်နိုင်ငံ နယ်နိမိတ်အနီး လိုအပ်သည့် လုံခြုံရေးကိစ္စများ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံ သဘောတူညီချက်များနှင့် နိုင်ငံတကာစံနှုန်းများအား လေးစားလိုက်နာဆောင်ရွက်ပြီး၊ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့မှုကို လေးစားကြောင်း၊ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းရန် ဘင်္ဂလားဒေ့ရှ်ဘက်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်ဘက်၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အလွန်အရေးကြီးကြောင်း အသိပေးပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့၏ ခြေကုပ်စခန်းများတည်ရှိသည့် အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ စက်တင်ဘာ ၇ ရက်စွဲပါ သံတမန်စာဖြင့် ပေးပို့ပြီးဖြစ်သောကြောင့် ယင်းကိစ္စကို ဘင်္ဂလားဒေ့ရှ်ဘက်မှ မြေပြင်တွင် စုံစမ်းစစ်ဆေးအရေးယူမှုများ ချက်ချင်းပြုလုပ်ပေးရန် ညွှန်ကြားရေးမှူးချုပ်က ထပ်လောင်းအသိပေးခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ဖြစ်စဉ်အခြေအနေမှန်ကို ရှင်းလင်းဖော်ပြထားသည့် စာလွှာအား ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးထံသို့ ပေးအပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News