၂၃. ၁၁. ၂၀၂၃

Writer & Photo Naing Thuta

နိုင်ငံတော် သြဝါဒါစရိယ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက စည်ရှင်ဆရာတော်ကြီး ဘဒ္ဒန္တ အဂ္ဂဉာနာဘိဝံသ၏ အန္တိမအဂ္ဂိစျာပန သာဓုကီဠနပူဇာ အခမ်းအနားကို မန္တလေးမြို့တွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်းနှင့် ၃၈ လမ်းကြား၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်ကျောင်း၊ အောင်မြေသာစည်အလယ်ကျောင်းကြီး၌ ယနေ့(နိုဝင်ဘာ ၂၃ ရက်) မွန်းလွဲ ၁၂ နာရီမှစတင်ကာ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပန သာဓုကီဠနပူဇာ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာတွင် ဆရာတော်သံဃာတော်များ အမှူးပြုသော ပရိသတ်အားလုံးက သဗ္ဗေ သင်္ခါရာ အနိစ္စာအစရှိသော သုံးဂါထာကို ရွတ်ဆို သံဝေဂဉာဏ် ပွားများ၍ အခမ်း အနား ဖွင့်လှစ်ခြင်း၊ ငါးပါးသီလခံယူဆောက်တည်ကြခြင်း၊ “စိန်ကတ္တီပါတော်” ကို လွှမ်းခြုံပူဇော်ခြင်း၊ သံဝေဂဘာဝနာ သဝဏ်လွှာကို ဖတ်ကြား ပူဇော်ခြင်း၊ ဝမ်းနည်းကြောင်းသဝဏ်လွှာဖတ်ကြားပူဇော်ခြင်း၊ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိကို ဖတ်ကြားပူဇော်ခြင်း၊ ဆရာတော်ကြီးကိုယ်တိုင် ရေးသားအပ်သော မဟာထေရဂုဏဂီတိကာ သံဝေဂရစနာဂါထာများကို ဖတ်ကြားပူဇော်ခြင်း၊ ဆရာတော်သံဃာတော် အရှင်မြတ်တို့အား သင်္ကန်းစသော လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ရေစက် ချတရားနာယူခြင်း၊ တပည့်သံဃာ ဒါယကာ ဒါယိကာမများက အပြစ်ရှိက သည်းခံခွင့်လွှတ်တော်မူပါရန် ဝန်ချတောင်းပန်ကန်တော့ပြီး ဆရာတော်ဘုရားကြီးအား နောက်ဆုံးကန်တော့တောင်းပန်လျှောက်ထားခြင်း၊ ဆရာ တော်သံဃာတော်များ အမှူးပြုသော ပရိသတ်အားလုံးသည် “အနိစ္စာ ဝတ သင်္ခါရာ” အစရှိသော ၃ ဂါထာကို ရွတ်ဆိုသံဝေဂဉာဏ်ပွားများ၍ ရေစက်ချအခမ်းအနား ရုပ်သိမ်းခဲ့သည်။

This image has an empty alt attribute; its file name is IMG_6003-1024x1024.jpeg

ထို့နောက် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကျောင်းတိုက်မှ ၈၇ လမ်းအတိုင်း ၃၅ လမ်းအထိ လမ်းလျှောက်ပင့်ဆောင်ပြီးနောက် ထိုမှတစ်ဆင့် ကရဝိတ်ဖောင်ယာဉ်ဖြင့် လောင်တိုက်ရှိရာ မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်းနှင့်လမ်း ၄၀ ကြား၊ ဂေါ၀ိန်ကမ်းနားလမ်းရှိ ဧရာဦးဆိပ်ကမ်းစျာပနာကွင်းသို့ ပင့်ဆောင်ကာ ညနေ ၄ နာရီတွင် တေဇောဓာတ်လောင် မြိုက်၍ ပူဇော်ခဲ့ပြီး အခမ်းနားကို ညနေ ၄ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်၊ တိုင်းဒေသကြီးအစိုးရဝန်ကြီးများ၊ ရဟန်းရှင်လူပြည်သူများမှ စည်ကားသိုက်မြိုက်စွာ ရှိခိုးပူဇော်ခဲ့ကြသည်။

ဆရာတော်ဘုရားကြီး၏ အရိုးတော်နှင့်ပြာတော်ကို ကျောင်းတိုက်သို့ပြန်လည်ပင့်ဆောင်ပြီး ထိုမှတစ်ဆင့် ဆရာတော်ဘုရားကြီး ရဟန်းစတင်ဝတ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ၊ ငါးခုန်ကျေးရွာရှိ ဒက္ခိဏာရာမကျောင်းတွင် လွမ်းစေတီတည်ကာ ပူဇော်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *