၅. ၁၁ . ၂၀၂၃
Written by Phyo Wei

အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့က အောက်တိုဘာ ၃၁ ရက်မှာ မြန်မာ MOGE အပါအဝင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ လုပ်ငန်းတွေကို ထပ်မံ ပစ်မှတ်ထားပိတ်ဆို့မှုပြုလုပ်ခဲ့တဲ့ ဒီရက်သတ္တပတ်မှာ ပြီးခဲ့တဲ့ စီမံကိန်းတွေကို ပြန်လည်သုံးသပ်ကြည့်မှုအရ နိုင်ငံတော်အတွက် နစ်နာမှုမရှိစေဖို့ အမှန်တကယ် ‌အောင်မြင်နိုင်တဲ့ စီမံကိန်းတွေကိုပဲ ရေးဆွဲဆောင်ရွက်ကြဖို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလာတာ တွေ့ခဲ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးစခန်းအချို့ ဆက်လက်ရပ်တန့်နေပြီး ဘဏ်တွေမဖွင့်နိုင်တာရှိသလို တရုတ် ICBC ဘဏ်က မြန်မာနိုင်ငံမှာ နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးဆောင်မှု စတင်လုပ်ဆောင်လာတဲ့ဖြစ်စဉ်တွေလည်း ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ရှစ်လဆက်တိုက် တိုးတက်ခဲ့တဲ့ မြန်မာ့ကုန်ထုတ်လုပ်မှု ပြန်လည်ကျဆင်းလာတာ၊ ဒေါ်လာငါးသန်းထည့်ဝင်နိုင်မဲ့ မြန်မာကုမ္ပဏီတွေကို ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်ရာမှာ ပါဝင်နိုင်ဖို့ ဖိတ်ခေါ်လာတာနဲ့ တရုတ်နိုင်ငံက မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကူညီမယ်လို့ ပြောလာတာတွေကို သုံးသပ်ဖော်ပြချင်ပါတယ်။

ရှစ်လဆက်တိုက်တိုးတက်ရာက ပြန်ကျတဲ့ ကုန်ထုတ်လုပ်မှု

ဒီနှစ်အတွင်း ရှစ်လဆက်တိုက် တိုးတက်ခဲ့တဲ့ မြန်မာ့ကုန်ထုတ်လုပ်မှုဟာ အော်ဒါအသစ် ရရှိမှုဆက်တိုက်ကျဆင်းလာတာကြောင့် အောက်တိုဘာလမှာ စတင်ကျဆင်းလာခဲ့ပြီး ကိုးလအတွင်း ပထမဆုံးအကြိမ် ဆုတ်ယုတ်လာခဲ့တယ်လို့ ဂျပန် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းမှာ ဖော်ပြထားပါတယ်။

“ဒါဟာ အဓိကအကျဆုံး အညွှန်းကိန်းကို ကြားနေအမှတ် ၅၀ ရဲ့ အောက်မှာ နောက်ဆုံးအကြိမ်အဖြစ် ဇန်နဝါရီလမှာ မှတ်တမ်းတင်နိုင်ခဲ့ပြီး ရှစ်လကြာခဲ့တဲ့ နာလန်ထူရေးကို အဆုံးသတ်ပစ်လိုက်တာပါ။ အော်ဒါအသစ်များရရှိမှု အရှိန်ကျဆင်းလာခဲ့လို့ ကုမ္ပဏီများဟာ ထပ်ပြီးတော့ ထုတ်လုပ်မှုပမာဏကို မတိုးမြှင့်နိုင်ခဲ့ကြဘူး” လို့ S&P Global Market Intelligence ရဲ့ စီးပွားရေးပညာရှင် Maryam Baluch က ပြောပါတယ်။

နိုင်ငံရေးအကျပ်အတည်းတွေကြားမှာ မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍဟာ လျှပ်စစ်မီးအကျပ်အတည်း၊ သယ်ယူပို့ဆောင်မှုကုန်ကျစရိတ်အကျပ်အတည်း၊ ပြည်ပပို့ကုန်တွေမှာ ဒေါ်လာဟာ ရာနှုန်းပြည့်လိုလို အစိုးရညွှန်ကြားတဲ့ အခြေအနေနဲ့ ပြန်လည်ရောင်းချနေရသလိုဖြစ်နေတဲ့အပြင် နိုင်ငံရေးအကျပ်အတည်းနဲ့ ပိတ်ဆို့မှုတွေကြောင့်လည်း လုပ်ရကိုင်ရခက်ခဲမှုတွေရှိနေတာပါ။ တစ်ဖက်မှာလည်း ကုန်စျေးနှုန်းမြင့်တက်မှု ဝန်ပိနေတဲ့ ပြည်သူတွေကလည်း ကျပ်တည်းနေတာပါ။ ဒီလိုမျိုး လုပ်ငန်းရှင်တွေရော စားသုံးသူတွေရော ကျပ်တည်းအဆင်မပြေဖြစ်နေရတဲ့ စီးပွားရေးအကျပ်အတည်းဟာ နိုင်ငံရေးအကျပ်အ တည်းက ရေသောက်မြစ်ဖြစ်လို့ သုံးနှစ်ကြာတိုက်နေတဲ့ လက်နက်ကိုင်ထားသူအားလုံးဟာ ဒီကာလတွေမှာ ဘာမှမဖြစ်လာတာ သင်ခန်းစာယူပြီး အချိန်အကြာကြီး လုပ်တောင်မဖြစ်နိုင်တဲ့ အလုံးစုံပျက်သုဉ်းရေးထက် နိုင်ငံပြန်လည်တိုးတက်ရေးကို မျက်နှာမူချိန်တန်ပါပြီလို့ပဲ ပြောရမှာပါ။

ဒေါ်လာငါးသန်းထည့်နိုင်မဲ့ ကုမ္ပဏီတွေနဲ့ တည်ဆောက်မဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း

မကြာခင် စတင်ဖို့ စိုင်းပြင်းနေတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ အရင်က ဒေါ်လာ ၇ ဘီလျံကျော်ကနေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံလောက်နဲ့စလုပ်မှာဖြစ်ပြီး စီမံကိန်းစတင်မဲ့ပုံစံက တရုတ် CITIC က ၇၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက မြေစိုက်တဲ့ ၁၅ ရာခိုင်နှုန်းနဲ့ ဒေသခံနဲ့ပြည်တွင်းလုပ်ငန်းရှင်တွေပါတဲ့ အများပိုင်ကုမ္ပဏီအစုအဖွဲ့က ၁၅ ရာခိုင်နှုန်းပါ။ ဒါကြောင့်မို့လို့ စီမံကိန်းစတင်တာနဲ့ ပုဂ္ဂလိကကုမ္ပဏီဘက်က ဒေါ်လာ သန်း ၂၀၀ လောက် စိုက်ထုတ်ရဖွယ်ရှိလို့ စီမံကိန်းပါဝင်မဲ့ကုမ္ပဏီတွေက သူတို့စိုက်ထုတ်ရမဲ့ ငွေကြေးတွေကို အစိုးရကနာမည်ခံချေးပေးထားရပြီး အောင်မြင်မှသူတို့ဆပ်မယ်။ မအောင်မြင်ရင်အစိုးရကတာဝန်ခံရမယ်ဆိုတဲ့အခြေအနေကို ဖန်တီးနေတာလည်းရှိနေတာကြောင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ စက်မှုဇုန်စီမံကိန်းဟာ သီရိလင်္ကာလိုမဖြစ်ရအောင် အထူးဂရုစိုက်ရမဲ့ အခြေအနေဖြစ်နေတာပါ။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အရင်တုန်းက ပါဝင်တဲ့ကုမ္ပဏီတွေရဲ့ ငွေပင်ငွေရင်း ဒေါ်လာ သန်း ၂၀၀ လောက်အတွက် အစိုးရက နာမည်ခံ ငွေချေးပေးရမဲ့ ကုမ္ပဏီတွေထက် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ အကောင် အထည်ဖော်မယ့် ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်ဖို မြန်မာနိုင်ငံဘက်က အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတွေ ပါဝင်တဲ့ (Myanmar Government Designated Entity Consortium) ကို ဒေါ်လာငါးသန်းထည့်ဝင်နိုင်မယ့် မြန်မာကုမ္ပဏီတွေနဲ့ ဖွဲစည်းပြီး ဒီကုမ္ပဏီတွေနဲ့ လုပ်ငန်းလည်ပတ်မယ်ဆိုတဲ့ အခင်းအကျင်းသစ်ကို ချပြလာပါတယ်။

လက်ရှိအခြေအနေမှာ ဒီအခင်းအကျင်းသစ်က အလုပ် ဖြစ်မဖြစ်၊ တကယ်ပြောင်းလဲ မလဲ မသိရသေးပေမဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းဟာ မြန်မာနိုင်ငံအတွက် ရုရှားလိုနိုင်ငံကလာမဲ့ ရေနံတင် သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မှာဖြစ်တဲ့အပြင် ဒေသနဲ့ ကမ္ဘာအတွက် အချက်အခြာကျတဲ့ဆိပ်ကမ်းဖြစ်လာနိုင်လို့ အချိန်တစ်ခုမှာ အကျိုးအမြတ်ရလာနိုင်မှာပါ။ ဒီအချိန်တစ်ခုအတွက် ဒေါ်လာ ငါးသန်းလောက်တောင် မရင်းချင်ဘဲ နာမည်တစ်ခုခံထားပြီး ရှုံးနေရင် နိုင်ငံက ဆပ်၊ အကျိုးအမြတ်ရလာမှ အမြတ်ထိုင်ယူမယ်ဆိုတဲ့ ကုမ္ပဏီတွေနဲ့ လည်ပတ်မှာထက်စာရင် လက်ရှိအခင်းအကျင်းသစ်က နိုင်ငံ့အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေလို့ ဆိုရမှာပါ။

မြန်မာ့စီးပွားရေးတိုးတက်အောင်ကူညီမယ်ဆိုတဲ့ တရုတ်

မြန်မာနိုင်ငံ စီးပွားရေးဖွံဖြိုးတိုးတက်အောင် တရုတ်နိုင်ငံက ကူညီထောက်ပံ့မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး Mr. Nong Rong တို့နိုဝင်ဘာ ၃ ရက်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲအပြီး သတင်းထုတ်ပြန်လာပါတယ်။

ဒီနှစ်နိုင်ငံဆွေးနွေးပွဲမှာ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက် ပိုမိုခိုင်မာလာစေဖို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းတွေ ဆက်လက် အကောင်အထည်ဖော်ဖို့၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းအောက်က ပူးပေါင်းဆောင် ရွက်မှုစီမံကိန်းတွေကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားဖို့ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့တွေကိုလည်း ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။

ဒီနေရာမှာ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းအောက်က ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတွေကို အရှိန်အဟုန်မြှင့်တင်ဖို့ အပါအဝင် စီမံကိန်းတွေအားလုံးဟာ အခုမှစလုပ်မဲ့ စီမံကိန်းတွေ မဟုတ်ဘဲ NLD အစိုးရဟောင်း တာဝန်ယူချိန်နှောင်းပိုင်းမှာ အမေရိကန်က မြန်မာနိုင်ငံတိုးတက်အောင် ကူညီဖို့ ဆန္ဒမရှိတာ သေချာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့တဲ့ အစိုးရဟောင်းနဲ့ တရုတ်တို့ သဘောတူညီခဲ့တဲ့ စီမံကိန်း ၃၃ ခုထဲက လုပ်ငန်းတွေပဲ အဓိကဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဒီနေ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးမြှုပ်နှံမှုကဏ္ဍအကြီးကြီးတချို့ဟာ NLD ကနေ ပေါက်ဖွားလာတဲ့ NUG နဲ့ PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ရပ်တန့်ထားရတာပါ။ လက်ရှိကာလမှာ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းအောက်က ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတွေကို အရှိန်အဟုန်မြှင့်တင်မယ်ဆိုရင်တော့ ဒီစီမံကိန်းတွေကို ပွင့်ပွင့်လင်းလင်းချပြ ပြည်သူတွေက ဒီစီမံကိန်းတွေကြောင့် မြန်မာ့အချုပ် အခြာအာဏာမထိခိုက်နိုင်တာနဲ့ နိုင်ငံမနစ်နာနိုင်တာ သဘောပေါက်လာမှ စီမံကိန်းဟာ စဉ်ဆက်မပြတ်လည်ပတ်နိုင်မှာဖြစ်ပြီး အဲဒီလို မလုပ်ခဲ့ရင် အရင်တုန်းက စီမံကိန်းတွေလို တစ်ချိန်ချိန်မှာ စီမံကိန်းလည်ပတ်မှု ရပ်တာမျိုး ကြုံရနိုင်တာ သတိချပ်သင်ယူပါလို့ အကြံပြုရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *