၃၁. ၁၀. ၂၀၂၃

Writer & Photo Ye Kyaw

ပြည်တွင်း ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ကျပ် ၂၆၀၀ ဝန်းကျင်ရှိရာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အဝယ်လိုက်လာ၍ သုံးရက်အတွင်း တစ်ပိဿာကို ကျပ် ၅၀၀ မြင့်တက်ခဲ့ပြီး ဈေးနှုန်းထပ်မံမြင့်တက်လာမည့် အခြေအနေများလည်းရှိနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကြက်သွန်ပွဲရုံများထံမှ သိရသည်။

“ဈေးက တက်သွားတယ်။ ဒီမှာ ၃၂၀၀ နဲ့ ၃၁၀၀ တွေဘာတွေ သူတို့ဝယ်သွားတယ်။ အရင်က ၂၆၀၀ နဲ့ ၂၇၀၀ လောက်ပဲရှိတာ။ ဒီနှစ်ရက်၊ သုံးရက်အတွင်း တက်သွားတာ။ ဝယ်ရင်တက်မှာပဲ။ သူတို့လိုအပ်လို့ ထပ်ပြီးဈေးလိုက်ပြီးပေးဝယ်ရင်တော့ တက်မှာပဲ။ သူတို့မလိုက်နိုင်ဘူးဆိုရင် ဒီဈေးမှာငြိမ်မှာ။ ဝယ်လက်တွေစုံလာပြီး သူတို့လိုအပ်ချက်ပြင်းရင် ဈေးတက်ဦးမှာ” ဟု မုံရွာမြို့နယ်ရှိ ကြက်သွန်ပွဲရုံမှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် သုံးရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ကြက်သွန်နီ ကုန်ကားအစီးရေ ၁၀၀ ခန့် ကုန်ပိဿာချိန် ၁၀ သိန်းခန့်အထိ တင်ပို့ထားပြီး ယင်းကဲ့သို့ တင်ပို့မှုဂယက်ကြောင့် ပြည်တွင်း ကြက်သွန်နီဈေးနှုန်းများလည်း လိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုက ဘင်္ဂလား‌‌ဒေ့ရှ်လိုင်းကို နှစ်ရက်အတွင်း ကားအစီးရေ ၁၀၀ လောက် တစ်နိုင်ငံလုံးကို ဝယ်သွားတယ်။ ဒီနှစ်ရက်၊ သုံးရက်အတွင်းကို ကားအစီးရေ ၁၀၀ လောက်ဆိုတော့ ကုန်ချိန်က ပိဿာချိန် ၁၀ သိန်းလောက် ထွက်သွားတာ။ အဲဒီဂယက်နဲ့ ဈေးနှုန်းက ဆွဲတက်လာတာ” ဟု ၎င်းက ပြောသည်။

လာမည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း ပြည်တွင်း၌ စိုက်ပျိုးထားသည့် မိုးကြက်သွန်အသစ်များ ပေါ်လာမည်ဖြစ်ပြီး အဆိုပါကာလများအတွင်း ဝယ်လို အားနှင့် ရောင်းလိုအား ပြန်လည်မျှတလာမည်ဆိုပါက ဈေးနှုန်းတည်ငြိမ်မှုနှင့် ပြန်လည်ကျဆင်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

သီတင်းကျွတ်ရုံးပိတ်ရက်မတိုင်မီ အောက်တိုဘာလ ၂၇ ရက်တွင် ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ထားသည့် ကြက်သွန်နီ အမျိုးအစားများ၏ တစ်ပိဿာဈေးနှုန်းမှာ ဆိပ်ဖြူ(ရှယ်) ၃၂၅၀ ကျပ်၊ ဆိပ်ဖြူ လတ်ကြီး ၂၉၀၀ ကျပ်၊ ဆိပ်ဖြူ လတ်သန့် ၂၇၅၀ ကျပ်၊ ဆိပ်ဖြူ လတ်ချော ၁၉၀၀ ကျပ်၊ မြင်းခြံ (ကံဆင့်) ရှယ် ၃၄၀၀ ကျပ်၊ မြင်းခြံ လတ်ချော၊ လတ်သန့်၊ လက်ကြီးများမှာ ၂၂၀၀ ကျပ်မှ ၃၀၅၀ ကျပ်ကြား ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News