April 29, 2024

၃၁. ၁၀. ၂၀၂၃

Written by Tha Doe

သက်တော်ရာကျော် နိုင်ငံတော်ဩဝါဒစရိယဆရာတော်ဘုရားကြီးနှစ်ပါးဟာ ၂၄ နာရီအတွင်း ဘဝနတ်နန်း စံမြန်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိဇယာရာမ ပါဠိတက္ကသိုလ် (အရှေ့တိုက်ကြီး) ရဲ့မဟာ ဝိနာယက ဖြစ်တော်မူတဲ့ သက်တော် ၁၀၂ နှစ် ဝါတော် ၈၂ ဝါရှိ နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တနေမိန္ဒ မထေရ်မြတ်ကြီးဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက် သန်းခေါင်ယံအချိန် ၁၂ နာရီ မိနစ် ၅၀ မှာ ဘဝနတ်နန်း စံမြန်းသွားခဲ့တာဖြစ်ပါတယ်။ သက်တော်ကြီးရင့်မှုကြောင့် ခန္ဓာကိုယ်ဖောက်ပြန်တဲ့ဝေဒနာဒဏ်ခံစားရလို့ ချမ်းမြေ့ဆေးရုံဆီတင်ပို့ခဲ့ပေမဲ့ ဘဝနတ်နန်းစံမြန်းသွားရတဲ့ ဆရာတော်ဘုရားကြီးကို နိုဝင်ဘာ ၁၁ ရက်မှာ အန္တိမအဂ္ဂိစျာပနကျင်းပမယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is 396296547_122132547782030934_8812184388442783460_n-1024x576.jpg

ပခုက္ကူဆရာတော်ဘုရားကြီး ပျံလွန်တော်မူလို့ ၂၄ နာရီမပြည့်ခင် အောက်တိုဘာ ၃၀ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်မှာ သက်တော် ၁၀၄ နှစ်၊ ဝါတော် ၈၄ ဝါရှိတဲ့ နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ဘုရားကြီး ဓမ္မသိဒ္ဒိဘုန်းတော်ကြီးသင်ပညာသင်ကြားရေးကျောင်း၊ ဝေဠုဝန်နိကာယ ဂဏာဓိပတိ ဘဒ္ဒန္တပညာဝံသဟာ ဘဝနတ်ထံ ပျံလွန်တော်မူသွားတာကြောင့် ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို သီတင်းသုံးရာ သာကေတမြို့နယ် ၁၀ တောင် ၁၂ ရပ်ကွက် သန်လျင်တံတားချဉ်းကပ်လမ်းရှိ ဓမ္မသိဒ္ဒိကျောင်းတိုက်တော်ကို ပြန်လည်ပင့်ဆောင်ရာမှာ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့နဲ့ ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်းက ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ အန္တိအဂ္ဂိစျာပနကိုတော့ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်မှာ ကျင်းပမယ်လို့ တပည့်သံဃာတော်တွေဆီက ကနဦးသတင်းအရ သိရပါတယ်။

ဓာတ်ပုံ- ဝိဇယာရာမအရှေ့တိုက်၊ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *